တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန် (Demilitarised Zone - DMZ) အတွင်း ယနေ့ (မေ ၃ ရက်) အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
(Photo: AFP)
တောင်ကိုရီးယား နယ်စပ်ကင်းစခန်းအနီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ယနေ့မနက် ဒေသစံတော်ချိန် ၇ နာရီ ၄၁ မိနစ်က မြောက်ကိုရီးယားဘက်မှ နှစ်နိုင်ငံနယ်စပ်ရှိ တောင်ကိုရီးယား ကင်းစခန်းတစ်ခုဆီသို့ ဦးတည်ပြီး သေနတ်ဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
တောင်ကိုရီးယားဘက်ကလည်း မြောက်ကိုရီးယားဘက်သို့ သေနတ်ဖြင့် နှစ်ချက် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သူ မရှိခဲ့ဘူးလို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ ယခုဖြစ်ရပ်ဟာ ငါးနှစ်အတွင်း မြောက်ကိုရီးယားစစ်တပ်က တောင်ကိုရီးယားဘက်သို့ ပထမဆုံးအကြိမ် ပစ်ခတ်မှုလည်း ဖြစ်လာပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသရှိ စစ်မဲ့ဇုန်ကို ၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအပြီးမှာ သတ်မှတ်ထားခဲ့ပါတယ်။
(Photo: KCNA)
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် လူမြင်ကွင်းမှ ပျောက်နေခဲ့ပြီးနောက် ရက် ၂၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်ထွက်ပေါ်လာပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ကင်မ်ဂျုံအန်ဟာ ဧပြီ ၁၁ ရက် နောက်ပိုင်းမှစပြီး လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ရာ ၎င်းရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး သေဆုံးသွားပြီ သို့မဟုတ် ဦးနှောက်သေသွားပြီ အပါအဝင် ခန့်မှန်းမှုအမျိုးမျိုး ထွက်ပေါ်နေခဲ့ပါတယ်။ သို့သော် စနေနေ့ (မေ ၂ ရက်) မှာတော့ မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA က ဓာတ်မြေဩဇာစက်ရုံတစ်ရုံ ဖွင့်ပွဲအခမ်းအနားကို ကင်မ်ဂျုံအန် တက်ရောက်ခဲ့ကြောင်း သတင်းဖော်ပြခဲ့မှုနဲ့အတူ အဆိုပါ ခန့်မှန်းမှုတွေ အဆုံးသတ်ခဲ့ပါတယ်။