ထိုင်းဘုရင်က ဝေါယာဉ်ဖြင့် မွန်းလွဲပိုင်းမှာ နန်းတော်မှထွက်ခွာပါတယ်။

ထိုင်းဘုရင် မဟာဗာဂျီလောင်ကွန်း ဝေါယာဉ်ဖြင့်လှည့်လည်မှုကို ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် မြင်တွေ့နိုင်ရန်အတွက် ထိုင်းပြည်သူတွေက ၄၀ ဒီဂရီဆဲလ်စီးယပ်နီးပါးဖြစ်နေခဲ့တဲ့ အပူရှိန်ကို အံ့တုခဲ့ကြပါတယ်။

(Photo: Pichayada Promchertchoo/CNA/MediaCorp)

ထိုင်းဘုရင် နန်းတက်ပွဲအခမ်းအနားရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ ဝေါယာဉ်ဖြင့်လှည့်လည်မှုကို ယနေ့ (မေ ၅ ရက်) မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အပူချိန်မြင့်တက်နေပေမဲ့လည်း ထိုင်းနိုင်ငံတစ်ဝှမ်းမှ ပြည်သူများစွာက ဘန်ကောက်မြို့လယ်ရှိ ဘုရင့်နန်းတော် (Grand Palace) သို့ စုဝေးရောက်ရှိလာခဲ့ကြပါတယ်။ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ် ဘုရင်တစ်ပါးက ဝေါယာဉ်ဖြင့် တခမ်းတနားလှည့်လည်မှုကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုနိုင်ရန် ထိုင်းပြည်သူတွေက ဇွဲကြီးစွာဖြင့် စောင့်ဆိုင်းနေခဲ့ကြလည်း ဖြစ်ပါတယ်။

(Photo: Pichayada Promchertchoo/CNA/MediaCorp)

စနေနေ့ (မေ ၄ ရက်) က သရဖူနဲ့အတူ မင်းမြှောက်တန်ဆာများကို အခမ်းအနားဖြင့် လက်ခံခဲ့ပြီးနောက်က ၁၀ ဆက်မြောက် ရာမမင်းဖြစ်လာခဲ့တဲ့ ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းရဲ့ နန်းတက်ပွဲ အခမ်းအနားတွေကို သုံးရက်ကြာ ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ နန်းတက်ပွဲအစီအစဉ်အရ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ အသက် ၆၆ နှစ်အရွယ် ဘုရင်ဗာဂျီယာလောင်ကွန်းက ဝေါယာဉ်စီးပြီး နန်းတော်မှထွက်ခွာပြီး တော်ဝင်ဘုရားကျောင်းသုံးခုရှိ ဗုဒ္ဓရုပ်ပွားတော်သုံးဆူကို သွားရောက်ဖူးမြော်ပါတယ်။

(Photo: Pichayada Promchertchoo/CNA/MediaCorp)

ဘုရင်ဗာဂျီယာလောင်ကွန်း ဝေါယာဉ်ဖြင့်လှည့်လည်ခြင်းမပြုမီ နာရီပိုင်းအလိုကတည်းက အဝါရောင်ဝတ်စုံများ ဝတ်ဆင်ထားကြတဲ့ ထိုင်းပြည်သူတွေက ဘုရင်လှည့်လည်သွားမယ့် လမ်းကြောင်းတစ်လျှောက် ပူပြင်းတဲ့နေရောင်အောက်မှာ နေရာယူစောင့်ဆိုင်းနေခဲ့ကြပါတယ်။ အဝါရောင်ဟာ သစ္စာရှိခြင်းကို ဖော်ပြတဲ့အရောင်အဖြစ် ထိုင်းနိုင်ငံမှာ ယူဆကြပါတယ်။ ထိုင်းပြည်သူအများအပြားကတော့ ယနေ့မနက် ၁၀ နာရီကတည်းက ဘုရင်လှည့်လည်မှုကို ကြည့်ရှုပြီး အရိုအေသေပေးရန် လာရောက်စောင့်ဆိုင်းနေခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: Pichayada Promchertchoo/CNA/MediaCorp)

"ဒါက သမိုင်းဝင်ဖြစ်ရပ်တစ်ခုပါ၊ ကွယ်လွန်သွားတဲ့ ဘုရင်ဘူမီဘောလက်ထက်မှာ ဒီလိုမျိုး တစ်ခါမှမမြင်ဖူးခဲ့ပါဘူး၊ အခုလို ကိုယ်တိုင် မျက်မြင်တွေ့ရတာက ကြီးမားတဲ့ အခွင့်အရေးပါပဲ၊ ဒီနေရာမှာထိုင်နေတာ နာရီအတော်ကြာပြီ၊ ဒါပေမဲ့ အေးဆေးပါပဲ၊ အချိန်ကို တစ်ကယ်ပဲ မကြည့်မိပါဘူး၊ ဒီအခိုက်အတန့်ကို ကြုံတွေ့ရလို့ ပျော်နေပါတယ်" လို့ အသက် ၅၉ နှစ်အရွယ် ဘန်ကောက်မြို့ခံ Somjit Poljamjumroon က ပြောပါတယ်။ ၎င်းက ထိုင်းဘုရင် ဝေါယာဉ်ဖြင့်လှည့်လည်မှုကို ကြည့်ရှုရန်အတွက် အခြား စုဝေးရောက်ရှိလာသူတွေကဲ့သို့ပင် ထီးတစ်ချောင်း၊ ရေဘူးများနဲ့ ထိုင်းအလံငယ်လေးတွေကို ယူဆောင်လာခဲ့ပါတယ်။

(Photo: Pichayada Promchertchoo/CNA/MediaCorp)

ထိုင်းဘုရင် ဝေါယာဉ်ဖြင့်လှည့်လည်တဲ့ လမ်းကြောင်းအရှည်ဟာ ၂ မိုင်ခွဲနီးပါးရှိပြီး လူ ၂,၃၀၀ ခန့်က ဘုရင်ကိုခြံရံလျက် ပါဝင်ချီတက်ခဲ့ကြပါတယ်။ နန်းတက်ပွဲအစီအစဉ်အရ ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းဟာ မနက်ဖြန် (မေ ၆ ရက်) မှာတော့ ဘုရင့်နန်းတော်အတွင်းရှိ Suddhaisavarya ခန်းမဆောင်ရဲ့ လသာဆောင်နေရာကနေ ပြည်သူလူထုကို တွေ့ဆုံမိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ထို့နောက် နိုင်ငံတကာမှ ဧည့်သည်တော်များနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

(Photo: Pichayada Promchertchoo/CNA/MediaCorp)

ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းဟာ ၎င်းရဲ့ဖခင် ဘုရင်ဘူမီဘော ကွယ်လွန်ခဲ့ပြီးနောက် ထီးနန်းကိုဆက်ခံခဲ့ပြီး ၂ နှစ်အကြာမှာ နန်းတက်ပွဲကျင်းပတာလည်း ဖြစ်ပါတယ်။ ဗာဂျီယာလောင်ကွန်းဟာ ဖခင်ဖြစ်သူ ကွယ်လွန်ချိန်က ထီးနန်းဆက်ခံခဲ့စဉ် အသက် ၆၄ နှစ်အရွယ်ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ထီးနန်းသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ထီးနန်းဆက်ခံသူလည်း ဖြစ်ခဲ့ပါတယ်။

ယခုအချိန်မှာ အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းက နန်းတက်ပွဲမတိုင်မီ ၎င်းရဲ့ ကာလရှည်ကြာ လက်တွဲဖော်နဲ့ ကိုယ်ရံတော်တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီးဖြစ်သူ အသက် ၄၀ နှစ်အရွယ် စုသီတာကို လက်ထပ်ပြီး မိဖုရားတင်မြှောက်ခဲ့ကြောင်းလည်း သိရပါတယ်။

Source: CNA, Reuters, AFP

Share

Loading Next Article...
က္က