အဆိုပါဖြစ်ရပ်ဟာ ရုပ်သံအဖြစ်နဲ့ တွစ်တာပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ရော်နယ်ဒိုသာဆိုရင် ဒီလိုဘယ်တော့မှမလုပ်ဘူးလို့ ပရိသတ်တွေက နှိုင်းယှဉ်ပြောဆိုခဲ့ကာ မက်ဆီရဲ့ လျစ်လျူရှုခဲ့မှုကို ဝေဖန်ခဲ့ကြပါတယ်။
ဒိုင်နမိုကိဗ်နဲ့ပွဲစဉ်မှာ ပြုလုပ်ခဲ့တဲ့ အပြုအမူတစ်ခုကြောင့် ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီဟာ ဝေဖန်ခြင်းခံနေရပြီး သူ့ရဲ့ကစားသမားဘဝမှာ အမြဲတမ်းလိုလိုခိုင်းနှိုင်းခံရလေ့ရှိတဲ့ ရော်နယ်ဒိုနဲ့လည်း ထပ်မံပြီးတော့ နှိုင်းယှဉ်ပြောဆိုခံခဲ့ရပြီဖြစ်ပါတယ်။ ဘာစီလိုနာက ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မက်ဆီက အငြင်းပွားစရာဖြစ်ရပ်ကို လုပ်မိခဲ့တာဖြစ်ပါတယ်။
ချေပဂိုးရဖို့အတွက် ဒိုင်နမိုကိဗ်အသင်းက အားထုတ်ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ပြီး နောက်ဆုံးအချိန်ထိ ကစားအားမချဘဲ ဘာစီလိုနာကို ဖိအားပေးခဲ့ပါတယ်။ ဒီအချိန်မှာတော့ ဒိုင်နမိုကိဗ်ကစားသမားတစ်ဦးက ကွင်းလယ်နားလောက်ကနေ ဘောလုံးဆွဲယူသွားခဲ့ပြီး မက်ဆီနဲ့ မီတာအနည်းငယ်လောက်သာ ကွာဝေးတဲ့နေရာကနေ တိုက်စစ်လမ်းကြောင်းစတင်ဖို့ ကြိုးစားခဲ့ပါတယ်။
မက်ဆီဟာ သူ့အနီးနားကနေ ဘောလုံးဆွဲပြေးခဲ့တာကို ဒီတိုင်းကြည့်နေခဲ့ပြီး လိုက်လံဟန့်တားခြင်းမပြုခဲ့တာဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်ဟာ ရုပ်သံအဖြစ်နဲ့ တွစ်တာပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ရော်နယ်ဒိုသာဆိုရင် ဒီလိုဘယ်တော့မှမလုပ်ဘူးလို့ ပရိသတ်တွေက နှိုင်းယှဉ်ပြောဆိုခဲ့ကာ မက်ဆီရဲ့ လျစ်လျူရှုခဲ့မှုကို ဝေဖန်ခဲ့ကြပါတယ်။
"ဘာတိုမြူထွက်ထွက်မထွက်ထွက်၊ ဒါမှမဟုတ် လက်ရှိသူရနေတဲ့ အသားတင်လစာ ယူရိုသန်း ၅ဝအတွက်ပဲဖြစ်ဖြစ် မက်ဆီက ဂရုစိုက်မှာမဟုတ်ပါဘူး၊ သူက ဘာကာကပဲထွက်ချင်နေတာ" လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။ အခြားပရိသတ်တစ်ဦးကလည်း "ဒါက မက်ဆီနဲ့ ရော်နယ်ဒိုတို့ကြားက ကွာခြားချက်ပဲ၊ စိတ်ဓာတ်ပိုင်းကွာဟချက်ပဲ" လို့ ရေးသားပြောဆိုခဲ့ပြီး နောက်တစ်ဦးကတော့ "ရော်နယ်ဒိုသာဆို ဒီလိုမျိုးဘယ်တော့မှလုပ်မှာမဟုတ်ဘူး" လို့ ဆိုပါတယ်။
မက်ဆီရဲ့ ပရိသတ်တစ်ဦးလို့ယူဆရသူကတော့ "ပွဲပြီးဖို့အတွက် ၁၀ စက္ကန့်ပဲကျန်တော့တယ်၊ မက်ဆီက ပြီးခဲ့တဲ့ ငါးပတ်အတွင်းမှာ ၁၀ ပွဲလောက် ပွဲချိန်ပြည့်ကစားခဲ့ရပြိး တောင်အမေရိကမှာ သွားကစားရတဲ့ ခက်ခဲတဲ့ပွဲတစ်ပွဲလည်းပါခဲ့တယ်" လို့ ရေးသားခဲ့ပြီး နာကျင်အချိန်ပို ၃ မိနစ်ပေးခဲ့ရာမှာ ၂မိနစ်နဲ့ ၄၇ စက္ကန့်ထိရောက်နေပြီဆိုတာကို ထောက်ပြခဲ့ကာ ကာကွယ်ပြောဆိုခဲ့ပါတယ်။