App Store ပေါ်ကနေ Fortnite ကို ဖြုတ်ချပြီး နာရီပိုင်းအတွင်းမှာ Google ကလည်း ကုမ္ပဏီရဲ့ Play Store မှာ ဒီဂိမ်းကို ဖယ်ရှားလိုက်ပါတယ်။
Fortnite ကို ရေးဆွဲတဲ့ Epic Games ဟာ Google နဲ့ Apple Play Store တို့ ရဲ့ in-app purchase စနစ်ကို ကျော်ပြီး ကိုယ်ပိုင် ဂိမ်းအတွင်းငွေပေးစနစ်ကို အကောင်အထည်ဖော်ခဲ့တာပါ။ Epics ဟာ ဂိမ်း in-app ဝယ်ယူမှုထဲကနေ Apple ကို ၃၀% ကြေး ပေးတာကို ရှောင်ရှားဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Photo: Engadget
Epic Games ဟာ Play Store တွေကနေ မဟုတ်ဘဲ ဂိမ်းကနေ တိုက်ရိုက်ဝယ်သူတွေအတွက် Discount ပေးလာတာပါ။ Google နဲ့ Apple တို့ရဲ့ App Store စည်းကမ်းထဲမှာ သုံးစွဲသူတွေအတွက် စိတ်ချရစေဖို့ in-app ဝယ်ယူမှုကို Play Store ကနေပဲ လုပ်ရမယ်လို့ စည်းကမ်းသတ်မှတ်ထားတာပါ။
Fortnite ဂိမ်းကို Play Store တွေကနေ ဖြုတ်ချလိုက်တာကြောင့် Apple နဲ့ Google ကို Epic Games က တရားစွဲသွားမယ်လို့ Engadget သတင်းမှာ ဖော်ပြထားပါတယ်။ Apple ကို တရားစွဲတာနဲ့ ပတ်သက်ပြီး Epic Games အနေနဲ့ ငွေကြေးနစ်နာဆုံးရှုံးမှုကြောင့် တရားစွဲမှာ မဟုတ်ဘဲ Apple ရဲ့ ဈေးကွက်လက်ဝါးကြီးအုပ်ထားတဲ့ App Store မူဝါဒကို တရားစွဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Photo: reportdoor
The Verge သတင်းမှာတော့ Fortnite ကို Play Store ကနေ ဖြုတ်ချထားပေမယ့် Android ပေါ်မှာ သုံးလို့ ရနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ Fortnite ကို Epic Games app နဲ့ Samsung Galaxy Store တို့ကနေလည်း ဒေါင်းလုပ်ဆွဲနိုင်မှာ ဖြစ်ပါတယ်။
Sensor Tower ရဲ့ အချက်အလက်တွေအရ Fortnite iOS ဗားရှင်းဟာ ဒေါ်လာ ၁.၂ ဘီလျံကျော် ဝင်ထားတယ်လို့ ဆိုပါတယ်။