Twitter နဲ့ ပြဿနာဖြစ်ပြီးနောက် အခုလို အမိန့်ထုတ်ပြန်တာပါ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ Facebook ၊ Twitter နဲ့ Google တို့လို လူမှုကွန်ရက်ကုမ္ပဏီတွေအပေါ် ပေးထားတဲ့ တရားရေးအကာအကွယ်တစ်ချို့ကို ဖယ်ရှားဖို့ ဦးတည်ပြီး တိုက်ရိုက်အမိန့်တစ်ခုမှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

Twitter ပလက်ဖောင်းပေါ်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တင်ထားတဲ့ သူ့ရဲ့ Tweet မှာ အထင်အမြင်လွဲမှားစေနိုင်တဲ့ သတင်းအချက်အလက်များ ပါဝင်ဖွယ်ရှိကြောင်း ကြေညာခံရပြီးနောက် သမ္မတဟာ လူမှုကွန်ရက်ကုမ္ပဏီများရဲ့ Content ထိန်းကျောင်းမှု မူဝါဒကို ချုပ်ကိုင်ဖို့ လုပ်ဆောင်လာတာပါ။ တိုက်ရိုက်အမိန့်မှာ ဆင်ဆာတည်းဖြတ်ခြင်း ဖြစ်စေ နိုင်ငံရေးလုပ်ထုံးတစ်ခုခုမှာ ပါဝင်သည် ဖြစ်စေ လုပ်ဆောင်မယ်ဆိုရင် လူမှုကွန်ရက်ကုမ္ပဏီတွေအနေနဲ့ ဥပဒေအရ တာဝန်ခံမှု ဒိုင်းကနေ မလွတ်နိုင်ဘူးလို့ ပြောထားပါတယ်။ 



တိုက်ရိုက်အမိန့်လက်မှတ် မရေးထိုးခင် ဘဲဥပုံသမ္မတရုံးခန်းမှာ တွေ့ရတဲ့ သမ္မတဒေါ်နယ်ထရမ့် (Photo: Time Magazine)


ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ နောက်ဆုံးအဆင့် သမ္မတတိုက်ရိုက်အမိန့်ဟာ ဆက်သွယ်ရေးလုပ်ထုံးအက်ဥပဒေ အပိုဒ် ၂၃၀ အောက်မှာ ရှိတဲ့ ပလက်ဖောင်းများ တာဝန်ခံမှုအကာအကွယ်ပေးခြင်းကို လျှော့ချကန့်သတ်လာတာပါ။ သမ္မတလက်မှတ်ရေးထိုးလိုက်တဲ့ အမိန့်မူကြမ်းဟာ ကုန်သွယ်ရေးဌာန နဲ့ ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် FCC တို့ကို ဥပဒေအသစ် ပြန်ဆင်ရေးဆွဲဖို့ ခွင့်ပြုရာရောက်သလို အွန်လိုင်းပေါ်က ဘက်လိုက်မှုတွေကို သုံးစွဲသူများအနေနဲ့ FTC ကနေ တိုင်ကြားဖို့ လမ်းဖွင့်ပေးသွားမှာ ဖြစ်တယ်လို့ CNET သတင်းက ဆိုပါတယ်။

"ဆင်ဆာတည်းဖြတ်မှုနဲ့ ဘက်လိုက်မှုဟာ လွတ်လပ်မှုကို ခြိမ်း‌ခြောက်တဲ့အရာပါ။" လို့ ထရမ့်က ပြောပါတယ်။ " သင့်ဖုန်းကုမ္ပဏီက သင့်ရဲ့ စကားပြောဆိုမှုကို ပိတ်ပင်မယ် တည်းဖြတ်မယ်လို့ မြင်ယောင်ကြည့်ပါ။ လူမှုကွန်ရက်ကုမ္ပဏီတွေဟာ အမေရိကန်မှာ ရှိတဲ့ ဘယ်ဖုန်းကုမ္ပဏီထက်မဆို ပိုပြီး အရာရောက်သလို ဩဇာလည်း ကြီးမားလာပါတယ်။"

အမိန့်မှာ လက်မှတ်ရေးထိုးနေချိန် လူမှုကွန်ရက်ကုမ္ပဏီတွေဟာ ဘက်မလိုက်ပလက်ဖောင်းတွေ မဟုတ်ကြောင်း သမ္မတမှ ပြောကြားခဲ့သလို Twitter ဟာ အကောင့်တွေ ပိတ်ပင်တာ ၊ တည်းဖြတ်တာ ၊ ပို့စ်တွေ ဖြုတ်ချတာမျိုး လုပ်ချိန်မှာ သဘောထားအမြင်တစ်ရပ်နဲ့ အယ်ဒီတာတစ်ယောက် ဖြစ်လာတယ်လို့ ဆိုပါတယ်။ လူမှုကွန်ရက်ကုမ္ပဏီတွေကတော့ ရှေးရိုး တယူတန်ပြောဆိုမှုတွေကို ဆင်ဆာတည်းဖြတ်မှုလုပ်တယ်ဆိုတဲ့ အပေါ် ထပ်တလဲလဲ ငြင်းဆန်ထားပါတယ်။

Photo: New Straits Time


"ကျွန်တော်တို့အနေနဲ့ ရှင်းလင်းပြတ်သားတဲ့ Content မူဝါဒတွေ ထားရှိပါတယ်။ နိုင်ငံရေးအမြင်နဲ့ မစပ်ဆိုင်ဘဲ မူဝါဒခိုင်မာအားကောင်းအောင် လုပ်ပါတယ်။" လို့ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ Facebook ကတော့ အမြင်အမျိုးအမျိုး ချပြနိုင်တဲ့ ပလက်ဖောင်းတစ်ခု ြဖစ်ပြီး လူတိုင်းအတွက် စည်းမျဉ်းများ သက်ရောက်မှု ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

Twitter ကတော့ မှတ်ချက်ချဖို့ ငြင်းဆန်ထားပါတယ်။ Twitter ဟာ ဒီလဆန်းပိုင်းထဲမှာ လူမှုကွန်ရက်ပေါ်က အချက်အလက်မှား/မှန် စိစစ်တဲ့ စနစ်ကို စတင်ကျင့်သုံးခဲ့ပြီး သမ္မတထရမ့်ရဲ့ ပို့စ်အောက်မှာ အချက်အလက်မှန် ပြန်ညွှန်းခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က