အသက်ငယ်ငယ်နဲ့ ချမ်းသာချင်ရင် နည်းပညာဘက်ကနေ ထိုးဖောက်ဖို့ အကြံပေးချင်ပါတယ်။
အသက် ၃၀ တန်းကနေ အသက် ၆၀/၇၀ တန်းလောက်အထိ ဘီလျံနာစာရင်းမှာ ပါနေတဲ့ သူဌေးအများစုဟာ နည်းပညာနယ်ပယ်နဲ့ ချမ်းသာသွားတာ ဖြစ်ပါတယ်။ ပီတာသီးလ် ၊ အီလွန်မတ်စ် ၊ ဆာဂီဘရင်း ၊ လယ်ရီပေ့ချ် ၊ ဂျက်ဖ်ဘီဇော့စ် ၊ ဘီလ်ဂိတ်စ် ၊ မတ်ခ်ဇူကာဘတ်ခ် စတဲ့စတဲ့ ဘီလျံနာကြီးတွေဟာ နည်းပညာနယ်ပယ်ကပဲ ဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းကို ကြီးစိုးထားတာလည်း သူတို့ပါပဲ။
ဈေးကွက်လေ့လာမှုတွေအရ လူငယ် Tech Founders တွေထဲမှာ အသက် ၃၀ မွေးနေ့ မတိုင်ခင် ဘီလျံနာဖြစ်တဲ့နှုန်း တက်လာကြတယ်လို့ ဆိုပါတယ်။ ဒီဆောင်းပါးမှာလည်း နည်းပညာနယ်ပယ်က အသက်အငယ်ဆုံး ဘီလျံနာဖြစ်လာတဲ့ လူငယ် ၅ ဦးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။
(၅) Mark Zuckerberg
Photo: Bloomberg
အငယ်ဆုံး Tech ဘီလျံနာ ၅ ဦးထဲမှာ မတ်ခ်ကတော့ လက်ရှိမှာ အသက်အကြီးဆုံးနဲ့ အချမ်းသာဆုံးပါပဲ။ ၁၉၈၄ မေလဖွား မတ်ခ်ဟာ အခုဆို အသက် ၃၇ နှစ် ရှိပြီ ဖြစ်ပါတယ်။ သူ့အကြောင်း သိပ်များများစားစား မိတ်ဆက်ပေးဖို့ လိုမယ် မထင်ပါဘူး။ မတ်ခ်ဟာ ကမ္ဘာ့အကြီးဆုံး Social Media ကုမ္ပဏီဖြစ်တဲ့ Facebook ကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိလည်း ကုမ္ပဏီရဲ့ CEO အဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။
Facebook ကို ၂၀၀၄ က စပြီး တည်ထောင်ခဲ့တာ ဖြစ်ပြီး Facebook ကို အများပိုင်ပြောင်းတဲ့ ၂၀၁၂ ခုနှစ် သူ့အသက် ၂၈ နှစ်အရွယ်မှာ ဒေါ်လာ ၁၅ ဘီလျံ စတင်ချမ်းသာလာခဲ့တာပါ။ လက်ရှိ သူ့ရဲ့ ချမ်းသာမှုက အသားတင် ဒေါ်လာ ၁၂၀.၄ ဘီလျံ ရှိမယ်လို့ Forbes က ဖော်ပြထားပါတယ်။
(၄) Pavel Durov
Photo: financialexpress
အသက် ၃၆ နှစ်အရွယ် ပါဗယ်ဒူးရော့ဗ်ကလည်း လူမှုကွန်ရက်နဲ့ ချမ်းသာလာတဲ့ သူဌေးကြီးတစ်ဦး ဖြစ်ပါတယ်။ ရုရှားလူမှုကွန်ရက်ကုမ္ပဏီ VK နဲ့Telegram Messenger ကို သူ့အကို သင်္ချာပညာရှင်နဲ့ ပရိုဂရမ်မာဖြစ်သူ နီကိုလိုင်နဲ့အတူ ထောင်ခဲ့ပါတယ်။ VK လို့ အတိုကောက်ခေါ်ကြတဲ့ VKontakte ကို အသက် ၂၂ နှစ်အရွယ် ကောလိပ်က သူဘွဲ့ရတဲ့ ၂၀၀၆ ခုနှစ်မှာ ထောင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၄ မှာ ကရင်မလင်နန်းတော်က သမ္မတပူတင်ရဲ့ အပေါင်းအသင်းတွေ လက်ထဲ ကုမ္ပဏီရောက်သွားပြီးတဲ့နောက် VK CEO ဘဝကနေ အဖြုတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၁၅ မှာ VK က သူ့ရှယ်ယာ ၁၂% ကို ဒေါ်လာသန်း ၃၀၀ လောက်နဲ့ ရောင်းပစ်ခဲ့ပါတယ်။ နောက်တော့ ရုရှားမှာ မနေတော့ဘဲ ကာရစ်ဘီယံကျွန်းနိုင်ငံမှာပဲ နိုင်ငံသားအဖြစ် ခံယူထားတယ်လို့ ဆိုပါတယ်။ အခု အသက် ၃၆ နှစ်မှာ သူ့ချမ်းသာမှုက ဒေါ်လာ ၁၇.၂ ဘီလျံလို့ Forbes က ဖော်ပြထားပါတယ်။
(၃) အီဗန်စပိုက်ဂဲလ်
Photo: theceomagazine
နောက်ထပ် အသက်အငယ်ဆုံးနည်းပညာဘီလျံနာတစ်ယောက်ကလည်း Social Media နဲ့ ချမ်းသာလာသူပါပဲ။ အီဗန်စပိုက်ဂဲလ်ဟာ စတန်းဖို့ဒ်မှာ ကျောင်းတက်နေရင်းနဲ့ သူ့သူငယ်ချင်းတွေ ဖြစ်တဲ့ ဘော့ဘီမာဖီ ၊ ရက်ဂီဘရောင်းတို့နဲ့အတူ Snapchat ကို ထောင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ဩဂုတ်လထဲမှာ Snapchat ဟာ ရင်းနှီးမြှပ်နှံရေးကုမ္ပဏီ Kleiner Perkins ဆီက မြှပ်နှံမှုကြောင့် ဒေါ်လာ ၁၀ ဘီလျံတန်ကြေး ရှိတဲ့ လုပ်ငန်း ဖြစ်လာခဲ့ပါတယ်။
၂၀၁၇ မှာ Snap Inc ဟာ နယူးယော့ခ် စတော့အိတ်ချိန်းဝင်ခဲ့ပြီး အများပိုင်ရှယ်ယာဖွင့်ခဲ့ပါတယ်။ IPO မှာ ရှယ်ယာတစ်စုဈေး ၁၇ ဒေါ်လာ ခန့်မှန်းခဲ့ပြီး တကယ်တမ်းဖွင့်ချိန်မှာ ၂၄ ဒေါ်လာပေါက်ခဲ့ပါတယ်။ IPO နေ့မှာပဲ စပိုက်ဂဲလ်ဟာ ရှယ်ယာ ၁၆ သန်း ရောင်းချခဲ့ပြီး အခွန်မပါ ဒေါ်လာ ၂၇၂ သန်း ရခဲ့တယ်လို့ ဆိုပါတယ်။ အီဗန်စပိုက်ဂဲလ်ဟာ အသက် ၂၆ နှစ်မှာ အများပိုင်ကုမ္ပဏီရဲ့ အသက်အငယ်ဆုံး CEO ထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်။
လက်ရှိ သူ့အသက်ဟာ ၃၁ နှစ် ဖြစ်ပြီး ဒေါ်လာ ၁၂ ဘီလျံကျော် ချမ်းသာမယ်လို့ Forbes က ဖော်ပြထားပါတယ်။
(၂) John Collison & Patrick Collison
Photo: thegentlemansjournal
အိုင်းရစ်လူမျိုး ကော်လီဆင် ညီအကိုနှစ်ဦးဖြစ်တဲ့ ဂျွန်နဲ့ ပက်ထရစ်တို့ဟာ ၂၀၁၀ မှာ Stripe ကို ပူးတွဲတည်ထောင်ခဲ့ကြပါတယ်။ ကုမ္ပဏီထောင်ပြီး နောက်နှစ်မှာ ပီတာသီးလ်နဲ့အီလွန်မတ်စ်ဆီကနေ ဒေါ်လာ ၂ သန်း ရင်းနှီးမြှပ်နှံမှု ရခဲ့ပါတယ်။ ၂၀၁၆ မှာ အသက် ၂၆ နဲ့ ၂၈ နှစ်အရွယ် ဒီညီအစ်ကိုနှစ်ယောက်ဟာ ကိုယ်စွမ်းကိုယ်စနဲ့ အသက်အငယ်ဆုံး ဘီလျံနာတွေအဖြစ်ကို ရောက်လာခဲ့ပါတယ်။
လက်ရှိ သူတို့လုပ်ငန်းဟာ ဒေါ်လာ ၉၅ ဘီလျံတန်ဖိုး ရှိပြီး သူတို့နှစ်ဦးရဲ့ ချမ်းသာမှုကလည်း တစ်ယောက်ကို ဒေါ်လာ ၉.၅ ဘီလျံစီ ရှိတယ်လို့ Forbes က ခန့်မှန်းထားပါတယ်။
(၁) Austin Russell
Photo: entrepreneur
အော်စတင်ရပ်ဆဲလ်ဟာ အသက် ၁၇ နှစ်သားကတည်းက Luminar Technologies ကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၀ အကုန်က သူ့ကုမ္ပဏီကို Nasdaq မှာ အများပိုင် ရှယ်ယာဖွင့်ရာကနေ သူဟာ ဒေါ်လာ ၂.၄ ဘီလျံ ချမ်းသာတဲ့ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး ဖြစ်လာခဲ့တာပါ။ Luminar မောင်းသူမဲ့ကားကုမ္ပဏီဟာ လက်ရှိမှာ ဒေါ်လာ ၁၀.၅ ဘီလျံ တန်ကြေးရှိတဲ့ ကုမ္ပဏီ ဖြစ်နေပါပြီ။
မောင်းသူမဲ့ကားနည်းပညာနဲ့ ပထမဆုံး ဘီလျံနာဖြစ်လာသူတွေထဲက တစ်ဦးဖြစ်တဲ့ အော်စတင်ရပ်ဆဲဟာ အခုမှ အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ လူငယ်တစ်ဦးလည်း ဖြစ်ပါတယ်။
Share