• Featured

    တောရိုင်းဆင်တွေနဲ့ အတူယှဥ်တွဲနေရန် လေ့လာသင်ယူနေတဲ့ တရုတ်ရွာသားများ

မြန်မာ-လာအို နယ်စပ်တစ်လျှောက် ဆင်တစ်ကောင်ကို လမ်းမပေါ်မှာ မြင်တွေ့ရတာက ယခုအခါ ပုံမှန်ဖြစ်လာပါတယ်

ရာစုနှစ်တွေနဲ့ချီ အမဲလိုက်ခြင်းနဲ့ သစ်တောပြုန်းခြင်းတို့ ရှိနေခဲ့ပြီးနောက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ကြီးပြင်းခဲ့သူ ကျေးရွာလူကြီး Ma Mingliang အတွက် သူ့ဒေသတဝိုက် ယခင်က တောရိုင်းဆင်တွေကို ရှားရှားပါးပါးသာ မြင်တွေ့ခဲ့ဖူးပါတယ်။

ယခုအခါမှာတော့ အသက် ၄၂ နှစ်အရွယ် ရွာလူကြီး Ma Mingliang ဟာ သူ့ရွာကို ဆင်တွေ မလာနိုင်အောင် ခြံစည်းရိုးကာထားရတယ်လို့ ဆိုပါတယ်။ ခြေဦးတည့်ရာ လှည့်လည်သွားလာနေကြတဲ့ အာရှဆင်အုပ်စုက တရုတ်နိုင်ငံထဲမှာ ကျက်စားနေခဲ့တဲ့ တစ်နှစ်ကျော်ကြာပြီ ဖြစ်ပါတယ်။ ဆင်အုပ်စုဟာ ယူနန်ပြည်နယ်ရှိ သူတို့ရဲ့ ပုံမှန် စားကျက်မြေကနေ လယ်ကွင်းတွေနဲ့ မြို့တွေကို ဖြတ်သန်းပြီး မြောက်ဘက်သို့ဦးတည်ကာ ကီလိုမီတာ ရာနဲ့ချီ ခရီးနှင်ခဲ့ကြပါတယ်။

image

(Photo: AP)

တောရိုင်းတိရိစ္ဆာန်တွေရဲ့ နယ်မြေဖြစ်တဲ့ မြန်မာ-လာအို နယ်စပ်တစ်လျှောက် ဆင်တစ်ကောင်ကို လမ်းမပေါ်မှာ မြင်တွေ့ရတာက ယခုအခါ ပုံမှန်ဖြစ်လာပါတယ်။ ထိုနယ်မြေတစ်ဝန်း ဆင်အကောင်ရေ ပြန်လည်တိုးပွားလာပြီး ၎င်းတို့အတွက် နေထိုင်ရာနေရာ လျော့နည်းလာခြင်းက လူတွေနဲ့ ထိပ်တိုက်တွေ့မှုများ ပိုမိုဖြစ်ပွားလာစေခဲ့ပါတယ်။

ဆင်အကောင်ရေ တိုးပွားများပြားလာတဲ့ Ma Mingliang ရဲ့ ကျေးရွာတည်ရှိရာ Xishuangbanna နယ်မြေမှာလည်း ဆင်နဲ့လူကြား ထိပ်တိုက်တွေ့ တင်းမာမှုတွေ သိသိသာသာ ရှိလာခဲ့ပါတယ်။ တောင်စောင်းတစ်ခုနေရာရှိ Ma Mingliang ရဲ့ Xiangyanqing ကျေးရွာလေးကို စတီးခြံစည်းရိုးကာရံပြီး တောရိုင်းနယ်မြေနဲ့ ဆက်စပ်နေမှုကို ပိုင်းခြားထားပါတယ်။

ဆင်နဲ့လူသား ပဋိပက္ခ

ဆင်အုပ်စုဟာ သူတို့ရဲ့ လမ်းကြောင်းကို ပုံမှန်ရှာမတွေ့ခင်အထိ ဖြတ်သန်းသွားလာရင်း သစ်သီးနဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေကို ဝင်စားလေ့ရှိရာ ဆင်အုပ်စု ရွာအနီးအနားမှ ထွက်ခွာမသွားမချင်း ရွာခြံစည်းရိုးကို သော့ခတ်ပိတ်ထားရတယ်လို့ Ma Mingliang က ဆိုပါတယ်။ "အရင်တုန်းကတော့ ဆင်တွေနဲ့ သဟဇာတဖြစ်ဖြစ် နေခဲ့ကြတာပေါ့၊ ဒါပေမဲ့ အခုတော့ ပဋိပက္ခဖြစ်လာပြီ" လို့ သူကပြောပါတယ်။

တောင်အာရှနဲ့ အရှေ့တောင်အာရှတစ်လျှောက် ကျက်စားနေထိုင်လေ့ရှိကြတဲ့ အာရှဆင်တွေဟာ တရုတ်နိုင်ငံမှာ မျိုးတုန်းလုနီးပါး အခြေအနေအထိဖြစ်ခဲ့ပြီး Xishuangbanna နယ်မြေအတွင်း ၁၉၈၀ ပြည့်လွန်က အကောင်ရေ ၁၅၀ ဝန်းကျင်သာရှိခဲ့ပါတယ်။ သို့သော် ၁၉၈၈ ခုနှစ်မှာ အမဲလိုက်ခြင်းနဲ့ မျိုးတုန်းမယ့်အန္တရာယ်ရှိ ဆင်တွေကို ကာကွယ်စောင့်ရှောက်မှုတွေ ဆောင်ရွက်လာခဲ့ရာ ဆင်အကောင်ရေ နှစ်ဆပြန်တိုးလာခဲ့ပြီး အကောင်ရေ ၃၀၀ ကျော်ရှိလာခဲ့ပါတယ်။

(Photo: Hector Retamal/AFP)

"ကျွန်တော်တို့ ငယ်ငယ်တုန်းကနဲ့ယှဥ်ရင် ဆင်အုပ်စုတွေထဲမှာ ဆင်အကောင်ပေါက်တွေ ပိုများလာတာတွေ့ရတယ်" လို့ Ma Mingliang က ပြောပါတယ်။ ကိုယ်အလေးချိန် ၄ တန်အထိရှိတဲ့ ဆင်တွေဟာ တစ်နေ့လျှင် အစားအစာ ပေါင် ၄၄၀ လောက်အထိ စားကြပါတယ်။ ထို့ကြောင့်လည်း ဆင်အုပ်စုတွေက ဒေသတွင်းရှိ စိုက်ခင်းတွေမှာ ဝင်ရောက်စားသောက်ကြတာ ဖြစ်ပါတယ်။ ဆင်အုပ်စုကြောင့် နှစ်စဥ် စီးပွးရေး ဆုံးရှုံးမှုဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃ သန်းရှိတယ်လို့ ဆိုပါတယ်။

ဆင်အုပ်စုကြောင့် နေအိမ်တွေနဲ့ စိုက်ခင်းတွေ ပျက်စီးဆုံးရှုံးရသလို လူသေဆုံးဒဏ်ရာရမှုတွေလည်း ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အတွင်း ဆင်အုပ်စုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ပြီး နှစ်စဥ် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ Beijing Normal University မှ ဂေဟဗေဒပညာရှင် Zhang Li က ပြောပါတယ်။ ဆင်ပေါက်လေးတွေကို ကာကွယ်တဲ့ ဆင်မတွေ သို့မဟုတ် မုန်ယိုနေတဲ့ ဆင်ထီးတွေက ရန်ပြုတိုက်ခိုက်တတ်တာ ဖြစ်ပါတယ်။

စားကျက်မြေဆုံးရှုံးပြီး လူတွေအနီးရောက်လာ

တရုတ်မှာ ဆင် ၁၄ ကောင်ပါ ဆင်အုပ်စုတစ်ခု လှည့်လည်သွားလာနေခဲ့တဲ့ ဖြစ်ရပ်က လူသိများခဲ့ပါတယ်။ ထိုဆင်အုပ်စုဟာ ၁၈ လကြာအထိ ခြေဦးတည့်ရာ လှည့်လည်သွားလာနေခဲ့ပြီးနောက် စားကျက်နယ်မြေ တွေ့ရှိသွားခဲ့ကြပါတယ်။ ဆင်တွေ စားကျက်နယ်မြေ လည့်လည်ရှာဖွေနေကြတာက ၎င်းတို့အတွက် နယ်မြေလျော့နည်းလာတာကြောင့်လို့ တရုတ်သိပ္ပံပညာရှင်တွေက ထောက်ပြပါတယ်။

(Photo: AP)

ဆင်တွေက စိုက်ခင်းတွေမှာ ဝင်ရောက်စားကြ ဖျက်ဆီးပစ်ကြတာကြောင့် စပါး၊ ပြောင်းနဲ့ အခြား သီးနှံတွေ မစိုက်တော့ဘဲ ဆင်တွေ မစားကြတဲ့ လက်ဖက် သို့မဟုတ် ရာဘာကဲ့သို့ အပင်တွေ ပြောင်းလဲစိုက်ပျိုးကြတယ်လို့ Xiangyanqing ကျေးရွာမှ လယ်သမား Lu Zhengrong က ဆိုပါတယ်။ တရုတ်မှာ အဓိကကျတဲ့ တိရိစ္ဆာန်မျိုးစိတ်တွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်‌ရေး လုပ်ဆောင်နေပြီး Xishuangbanna ဆင်ဥယျာဥ်စီမံကိန်းကိုလည်း အဆိုပြုထားပါတယ်။

သို့သော် ဆင်ဥယျာဥ်နဲ့ ဆက်စပ်နေတဲ့ လယ်ယာမြေနေရာများ ပြန်လည်သတ်မှတ်ရန်နဲ့ ထောင်သောင်းချီတဲ့ ဒေသခံတွေကို နေရာရွှေ့ပြောင်းရန်က ထိုစီမံကိန်းမှာ အဓိက အဟန့်အတားဖြစ်နေပါတယ်။ "ဒါကို ကျေနပ်လက်ခံတယ်လို့ ကျွန်တော် မပြောနိုင်ဘူး၊ ဒါပေမဲ့ ဒီတိရိစ္ဆာန်တွေနဲ့ လူတွေကြားမှာ ဟန်ချက်ညီမျှမှု ကျွန်တော်တို့ လိုပါတယ်၊ ကျွန်တော်တို့ သူတို့ကို ကာကွယ်ရပါမယ်" လို့ လယ်သမား Lu Zhengrong က ပြောပါတယ်။

Ref: AFP


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က