ဒိန်ချဉ်ရဲ့ အကျိုးကျေးဇူးတွေကို မသိခင်ကတည်းက လူသားတွေဟာ ဒိန်ချဉ်ကို စားသုံးလာခဲ့ကြတာ နှစ်ပေါင်းရာချီရှိနေပါပြီ။ ဒိန်ချဉ်ဟာ နို့ကို ဘက်တီးရီးယား အချဉ်ဖောက်ပြီး ပြုလုပ်ထားတဲ့ စားစရာ ဖြစ်ပြီး မလိုင်ပြည့်နို့ ဒါမှမဟုတ် အဆီထုတ်ထားတဲ့နို့တို့နဲ့ ပြုလုပ်နိုင်ပါတယ်။ ဒိန်ချဉ်ကို အချိုအရသာတွေ မထည့်ဘဲ သဘာဝအတိုင်း သောက်သုံးရင် သူ့ရဲ့အကျိုးအာနိသင်ကို ပိုပြီး ရရှိနိုင်ပါတယ်။

Photo: Medical News Today
ဒိန်ချဉ်သောက်ခြင်းရဲ့ ကောင်းကျိုးများ
အရိုးနဲ့သွားကျန်းမာရေးအတွက် အလွန်ကောင်းမွန်ခြင်း
ဒိန်ချဉ်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ အတော်များများပါဝင်ပြီး အာဟာရဓာတ်ကြွယ်ဝပါတယ်။ ဒိန်ချဉ်မှာ သွားနဲ့အရိုးကျန်းမာရေးအတွက် လိုအပ်တဲ့ အရေးကြီးသတ္တုဓာတ်တွေဖြစ်တဲ့ ပရိုတိန်း၊ ပိုတက်စီယမ်၊ ဖော့စဖရပ် ၊ ကယ်စီယမ်နဲ့ ဗီတာမင်ဒီလည်း ပါဝင်ပါတယ်။ ဒိန်ချဉ်တစ်ခွက်ဟာ နေ့စဉ် ကယ်လ်ဆီယမ်လိုအပ်မှုရဲ့ ၄၉ ရာခိုင်နှုန်းကို ထောက်ပံ့ပေးပါတယ်။ဒါကြောင့် အရိုးအားနည်းခြင်းသွင်ပြင်လက္ခဏာကို အထူးအထောက်အကူပြုပြီး အရိုးထုထည်နှင့်ကြံ့ခိုင်မှုကိုထိန်းသိမ်းပေးနိုင်တာကြောင့် အရိုးပွရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
Photo: BabyCenter
သွေးပေါင်ချိန်ထိန်းညှိပေးခြင်း
ဒိန်ချဉ်မှာ ဗီတာမင်ဘီ ၊ ဗီတာမင် B12 နှင့် riboflavin တို့ပါဝင်တဲ့အပြင် ဒိန်ချဉ်မှာ ပါဝင်တဲ့ ပြည့်ဝဆီကနှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ HDL ကိုလက်စထရောကို တိုးမြင့်စေပါတယ်။ ဒါကြောင့် နှလုံးရောဂါ ၊ အာရုံကြောပြွန်ချို့ယွင်းမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ဒါ့အပြင် ဒိန်ချဉ်ဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးရောဂါရှိသူတွေ သောက်သုံးသင့်ပါတယ်။ ဒိန်ချဉ်ဟာ စိတ်ကျရောဂါဖြစ်ပွားနိုင်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။
Photo: Healthline
ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ခြင်း
ဒိန်ချဉ်မှာပါဝင်တဲ့ ပရိုတိန်းဓာတ်က ခန္ဓာကိုယ်မှာ ကယ်လိုရီလောင်ကျွမ်းမှုကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် ဒိန်ချဉ်သောက်သုံးခြင်းဟာ ပရိုတင်းအလုံအလောက်ရရှိစေတဲ့အတွက် အစားစားချင်စိတ်ကို ထိန်းညှိပေးတဲ့အပြင် ပြည့်ဝမှုကို ဖြစ်စေတဲ့ ဟော်မုန်းထုတ်လုပ်မှုတိုးမြင့်စေတာကြောင့် ဗိုက်ပြည့်စေပြီး အဆာခံနိုင်ပါတယ်။ဒါကြောင့် အစားစားခြင်းကို ထိန်းချုပ်ပြီး ကယ်လိုရီပိုလျှံစားသုံးမှုကို ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းမှုအတွက် အကျိုးရှိတဲ့ အစားအစာဖြစ်ပါတယ်။
Photo: Daily Reporter
အစာအိမ်နဲ့အူလမ်းကြောင်းကောင်းမွန်စေခြင်း
ဒိန်ချဉ်မှာပါဝင်တဲ့ ဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားမျိုးတွေဖြစ်ပြီး အစာခြေစနစ် ၊ အစာအိမ်နဲ့ အူလမ်းကြောင်းကို အကျိုးပြုပါတယ်။ဒိန်ချဉ်မှာပါတဲ့ Bifidobacteria နဲ့ Lactobacillusကဲ့သို့ probiotics တွေဟာ အူမကြီးကျန်းမာရေးကို အထောက်အကူပြုပြီး အူမကြီးကင်ဆာကိုကာကွယ်ခြင်း ၊ နာတာရှည်အူလမ်းကြောင်းရောဂါတို့ကို သက်သာစေပါတယ်။ လူတစ်ချို့ကတော့ ဒိန်ချဉ်သောက်သုံးခြင်းဟာ ဝမ်းလျှောမှုကို ဖြစ်စေနိုင်တယ်လို့ ထင်ကြပေမယ့် တကယ်တမ်းမှာတော့ ဒိန်ချဉ်ဟာ ဝမ်းလျှောခြင်းနဲ့ ဝမ်းချုပ်ရောဂါတွေကို သက်သာစေပါတယ်။
Photo: Healthline
ကိုယ်ခံအားကောင်းစေခြင်း
ဒိန်ချဉ်မှာပါဝင်တဲ့ probiotics တွေဟာ ကိုယ်ခံအားကို မြင့်တက်စေပြီး ဖျားနာမှုဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ဒိန်ချဉ်မှာပါဝင်တဲ့ ဗီတာမင်ဒီ ၊ မဂ္ဂနီဆီယမ်၊ ဆယ်လီနီယမ် နဲ့ ဇင့်တို့ဟာ ကိုယ်ခံအားကိုပိုမိုကောင်းမွန်စေပြီး သာမန်အအေးမိခြင်းနဲ့ တုပ်ကွေးကဲ့သို့သောရောဂါများကို ကာကွယ်နိုင်သလို တကယ်လို့ ဖြစ်ပွားခဲ့ရင်လည်း ဖြစ်ပွားမှု၊ ကြာချိန် နဲ့ ပြင်းထန်မှုကိုလျော့ကျစေနိုင်ပါတယ်။
ဒါပေမယ့် ဒိန်ချဉ်ဟာ လူတိုင်းအတွက်တော့ အကျိုးကျေးဇူးမရနိုင်ပါဘူး။ အထူးသဖြင့် နို့နဲ့နို့ထွက်ပစ္စည်း ဓာတ်မတည့်ရှိသူတွေကတော့ ဒိန်ချဉ်မသောက်သင့်ပါဘူး။နို့နဲ့ နို့ထွက်ပစ္စည်းများစားသုံးပြီး ဝမ်းဗိုက်နာကျင်ခြင်း ၊ ဝမ်းလျှောခြင်း ၊ အင်ပျဉ်ထခြင်း နဲ့ ရောင်ရမ်းခြင်းကဲ့သို့ လက္ခဏာဖြစ်ပေါ်သူတွေကတော့ ဒိန်ချဉ်သောက်သုံးခြင်းကို အထူးသတိပြုသင့်ပါတယ်။
Ref: Healthline