အက်သလက်တီကို တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မှာ ရင်ဆိုင်ရမယ့် ယူနိုက်တက်နဲ့ပတ်သက်လို့ အသင်းဖော်တွေကိုရော၊ ပြိုင်ဘက် ယူနိုက်တက်ကိုပါ သတိပေးစကားပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာညက ပြုလုပ်ခဲ့တဲ့ ဒီမဲခွဲပွဲမှာ နှစ်ခါပြန်မဲခွဲခဲ့ရတာဖြစ်ပြီး ပထမအကြိမ် မဲခွဲခဲ့ချိန်မှာ အက်သလက်တီကိုနဲ့ ဘိုင်ယန်မြူးနစ် ထိပ်တိုက်တွေ့ခဲ့တာပါ။ ဒါပေမယ့် အက်သလက်တီကိုနဲ့ တွေ့မယ့် အသင်းအတွက် မဲနှိုက်တဲ့နေရာမှာ အမှားအယွင်းရှိခဲ့ပြီး PSG နဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့ဖို့အတွက်လည်း ကြိုတင်စီစဥ်ခဲ့တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

အက်သလက်တီကိုက စောဒကတက်ခဲ့သလို မဲခွဲပွဲကလည်း အမှားအယွင်းတွေများခဲ့တာကြောင့် နောက်တကြိမ် မဲပြန်ခွဲခဲ့တဲ့နောက်မှာတော့ အက်သလက်တီကိုနဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့ခဲ့တာပါ။ ဒီပွဲနဲ့ ပတ်သက်လို့ လီဗာပူးကစားသမားဘဝနဲ့ရော၊ ဘာစီလိုနာ ကစားသမားအဖြစ်ပါ ယူနိုက်တက်ကို ရင်ဆိုင်ဖူးတဲ့ ဆွာရက်ဇ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။
ဆွာရက်ဇ်က “ကျနော် ဒုတိယအကြိမ် မဲခွဲတာကို ကြည့်လိုက်ရပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ဆိုရင်တော့ အကောင်းဆုံးတွေထဲက တသင်းကို သေချာပေါက် အနိုင်ယူဖို့ လိုအပ်တာပေါ့။ ယူနိုက်တက်က ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တသင်းပဲလေ”
“ကျနော်တို့ အက်သလက်တီကိုကလည်း ရှုံးထွက်ပွဲစဥ်တွေကို အကောင်းဆုံးပုံစံနဲ့ ရင်ဆိုင်သွားကြမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အက်သလက်တီကိုဟာ အုပ်စုအဆင့်မှာလည်း အင်္ဂလန်ကလပ် လီဗာပူးနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။
အက်သလက်တီကိုအနေနဲ့ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ဖို့ နောက်ဆုံးပွဲအထိ အကြိတ်အနယ်ကစားခဲ့ရပြီး ပေါ်တိုကို အဝေးကွင်းမှာနိုင်ခဲ့တာကြောင့် အခုလိုမျိုး အုပ်စုလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုနဲ့ယူနိုက်တက် ပထမအကျော့ကို ဖေဖော်ဝါရီ (၂၃) မှာ အက်သလက်တီကို အိမ်ကွင်း၊ မတ် (၁၅) မှာ ယူနိုက်တက်ကွင်းတို့မှာ ကစားသွားမှာဖြစ်ပါတယ်။