• Featured

    မြို့ပြကနေ ခဏတာထွက်ခွာရင်း ပျိုမေထမင်းဝိုင်းနဲ့ ကျေးလက်အရသာကို ခံစားရမယ့် ပင်ပျိုထန်းဥယျာဉ်

ပင်ပျို ထန်းဥယျာဉ်ရဲ့ သက်တမ်းက နှစ်သုံးဆယ် နီးပါးရှိနေပါပြီ။

ဒီတဟ်ပတ်အတွက် Duwun ပရိသတ်ကြီးကို မြို့ပြနဲ့ ခဏတာ အဝေးကို သွားရောက်ရင်း အပန်းဖြေလို့ ကောင်းမယ့် နေရာတစ်နေရာနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထန်းရည်အစစ်ကို သောက်သုံးချင်သူတွေရော ၊ လက်ရည်တပြင်တည်း ထမင်းလက်ဆုံ စားချင်ကြတဲ့သူတွေအတွက်ပါ နေရာကောင်း လေးတစ်ခုဖြစ်မယ်လို့ ရည်ရွယ်ပါတယ်။ အဲဒီနေရာလေးကတော့ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်က ပင်ပျိုထန်းဥယျာဉ် ဆိုတဲ့ နေရာလေးပဲ ဖြစ်ပါတယ်။ 

image
ပင်ပျို ထန်းဥယျာဉ် သမိုင်းအစ 

ပင်ပျိုထန်းဥယျာဉ်က အခုလို Social Media တွေမရှိခင်ကတည်းက တည်ရှိနေတာဖြစ်ပြီး သက်တမ်းအားဖြင့်တော့ နှစ်သုံးဆယ် နီးပါး ရှိနေပြီပဲဖြစ်ပါတယ်။အဲဒီအချိန်တုန်းကတော့ ထန်းရည်နဲ့ အသားငါးကြော်တွေကိုသာ တွဲဖက် ရောင်းချပေးနေတာဖြစ်ပြီး ထန်းရည်ချစ်သူတွေသာ အများစု သွားရောက်ခဲ့ကြတာပါ။ မြို့ပြနဲ့ အဝေး လေကောင်းလေသန့်ရှူချင်သူတွေ၊ တောရွာဓလေ့ အငွေ့အသက်တွေကို ကြိုက်နှစ်သက်သူတွေနဲ့ ဓာတ်ပုံလှလှရိုက်ချင်သူတွေ အနေနဲ့ အရိပ်လည်းရ အေးလည်းအေးချမ်းတဲ့ ပင်ပျိုထန်းဥယျာဉ်ကို တစ်ခေါက်တလေ သွားကြည့်သင့်ပါတယ်။

အေးချမ်း ငြိမ်သက်စေတဲ့ ခံစားချက်က ပင်ပျိုရဲ့ ဆွဲဆောင်မှု 


ပင်ပျိုထန်းဥယျာဉ်ကို စဝင်လိုက်ပြီဆိုတာနဲ့ အပျံစား ခေတ်မီပြင်ဆင်ထားမှုမျိုးကို တွေ့ရမှာ မဟုတ်ပေမယ့် ဆွေမျိုးတွေဆီ အလည်ရောက်သွားတဲ့ ခံစားချက်မျိုး ရလာစေမှာပါ။ သဘာဝဆန်ဆန် အလှတရားတွေပြည့်နေတဲ့ သစ်ပင်တွေ စိမ်းစိမ်းစိုစို မြင်ကွင်းကိုလည်း မျက်စိတဆုံး တွေ့ရမှာ ဖြစ်ပါတယ်။ မိသားစု၊ သူငယ်ချင်းတွေနဲ့တင်မဟုတ်ဘဲ အိမ်မှာမွေးထားတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေကိုပါခေါ်လာလို့ အဆင်ပြေတဲ့ နေရာလေး ဖြစ်ပါတယ်။

"ပျိုမေ ထမင်းဝိုင်းက တော့ လူရှစ်ယောက်နဲ့အောက်ဆိုရင် ဟင်းတစ်မျိုးပဲ ရွေးချယ် ပေးရမှာပါ၊ ရှစ်ယောက်အထက်ကစပြီး လူအရေအတွက် အလိုက် ကျွန်တော်တို့ က ဟင်းနှစ်မျိုးက နေ စတင်ရွေးချယ်ပေးလို့ရပါတယ်။ ကျွန်တော်တို့က ထမင်းဆိုင်ကြီးတွေလို မဟုတ်တဲ့အတွက် ဧည့်သည်တွေက လာမယ်ဆိုရင် လူအရေအတွက်နဲ့ သုံးဆောင်မယ့် ဟင်းကို Booking တင်ကတည်းက ရွေးချယ်ပေးထားရမှာပါ" လို့ ပင်ပျိုးထန်းဥယျာဉ်ပိုင်ရှင် ကိုစောသူရိန်က ရှင်းပြပါတယ်။ 

၀ါးနဲ့ ဆောက်ထားတဲ့ ဘန်ဂလိုလေးအောက်မှာ အနားယူ အပန်းဖြေကြမယ်

 အထိုက်အလျောက် အကျယ်အဝန်းရှိတဲ့ ပင်ပျိုထန်းဥယျာဉ်ထဲမှာ အရင်တုန်းက သစ်ရိပ်ဝါးရိပ်တွေအောက် ဖျာလေးခင်း ထန်းရည်လေးသောက် ကြွက်ကြော်နဲ့ အသားကြော်၊ ငါးကြော်မျိုးစုံတွေကို စားရင်း အပန်းဖြေခဲ့ရပေမယ့် အခုဆိုရင်တော့ တစ်ဆင့်ခေတ်မီသွားအောင် ပြုလုပ်ထားပါပြီ။ မိသားစုတွေရော သူငယ်ချင်းအ ပေါင်းအသင်းတွေပါ အနားယူ အပန်းဖြေလို့ အဆင်ပြေစေမယ့် ဝါးနဲ့ ပြုလုပ်ထားတဲ့ ဘန်ဂလိုလေးတွေ ပြင်ဆင်ပေးထားပါတယ်။ ဘန်ဂလိုတဲလေးတွေက စုစုပေါင်း ၇ တဲ ရှိပြီး လူ ၁၅ ယောက် ဆန့်တဲ့ တဲအကြီး ၃ တဲနဲ့ လူ ၇ ယောက် ဆန့်တဲ့ တဲအသေး ၄ တဲ ရှိတာကြောင့် လေအေးအေးလေး ရှုရှိုက်ရင်း အနားယူလို့ ကောင်းတဲ့ နေရာကောင်းလေးတစ်နေရာဖြစ်လာပါတယ်။ 

ပင်ပျိုးထန်းဥယျာဉ် မှာ ဘာတွေရနိုင်မလဲ

ပင်ပျိုထန်းဥယျာဉ်မှာ နာမည်ကြီးတာက ထန်းရည်စစ်စစ်ပါ။ ထန်းရည်နဲ့ တွဲဖက်သုံးဆောင်နိုင်မယ့် ကြွက် ကြော်၊ ကြက်ကြွပ်စပ်ကြော်၊ ငါးကလေးမွှေကြော်၊ ငါးသေးလေးကြော်နဲ့ ပဲခြမ်းသုပ် တို့ကို ရရှိနိုင်ပါတယ်။ ထန်းရည်မှ ထန်းရည်ဆိုသူတွေကတော့ အပန်းဖြေရင်းသွားသောက်သင့်ပါကြောင်း လက်တို့လိုက်ပါရစေ။

အခုနောက်ပိုင်းမှာတော့ ထန်းရည်အပြင် ပျိုမေ တောဓလေ့ ရိုးရာ မိသားစု ထမင်းဝိုင်းလေးပါ ထပ်မံသုံးဆောင်လို့ရနေပါပြီ။ ပျိုမေထမင်းဝိုင်းမှာ အသားဟင်း တစ်မျိုး၊ အရွက်ကြော်နှစ်မျိုး၊ ဒေသထွက် ငါးလေးချဉ်သုပ်နဲ့ ထိမိဂွိငါးပိရည်လို့ အမည်ပေးထားတဲ့ ငါးပိရည်နဲ့ တို့စရာတို့ပါဝင်ပါတယ်။ ထမင်းဝိုင်းကိုတော့ တစ်ဦးကို အဝစား ၅ ထောင်နှုန်း သတ်မှတ်ပေးထားပြီး စားသုံးနေချိန်အတွင်းမှာလည်း ကုန်သွားတဲ့ အရာတွေကို ထပ်ခါထပ်ခါချ ပေးတာမို့ အစားတလိုင်းတွေ အကြိုက်တွေ့စေတဲ့ ဝန်ဆောင်မှုတစ်ရပ်လည်းဖြစ်ပါတယ်။ 

ပင်ပျိုထန်းဥယျာဥ်သို့

ပင်ပျိုထန်းဥယျာဉ်ကို သွားရောက်မယ် ဆိုရင် အရင်ဆုံး Booking ကြိုတင်ပေးဖို့ မေတ္တာရပ်ခံထားပြီး တည်နေရာက တော့ ကန်ကြီးကုန်း ကန်ကြီးရှေ့၊ သာယာကုန်း ဘုန်းကြီးကျောင်းလမ်း၊ သာယာကုန်လေးရပ်ကွက် ၊ စမ်းရွာ ကျေးရွာ၊ တွံတေး မြို့နယ်ပဲ ဖြစ်ပါတယ်။ Booking တင်ဖို့အတွက် ၀၉-၇၇၇၂၉၈၉၀၄ နဲ့ ၀၉-၇၉၄၁၆၃၇၁၀ ကို ဆက်သွယ်နိုင်ပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က