ယူနိုက်တက်နည်းပြတန်ဟက်ခ်ဟာ မနေ့က မန်ချက်စတာဒါဘီပွဲမှာ ရော်နယ်ဒိုကို ထည့်သွင်းအသုံးပြုခဲ့ခြင်းမရှိတာကြောင့် ရော်နယ်ဒိုရဲ့ အမာခံပရိသတ် ရုပ်သံအစီအစဥ်တင်ဆက်သူ ပီယာ့စ်မော်ဂန်ရဲ့ အပြင်းအထန် ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ အဝေးကွင်းမှာ မန်စီးတီးကို ဘယ်လိုမှယှဥ်မကစားနိုင်ခဲ့ဘဲ ၆-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ကက်စ်မဲရိုး၊ မာရှယ်လ်၊ လင်ဒီလော့ဖ်၊ လုခ်ရှော၊ ဖရက်ဒ်တို့ကို ထည့်သွင်းကစားခဲ့ပြီး ရော်နယ်ဒိုကတော့ ပွဲအစအဆုံး အရန်ခုံမှာပဲ ထိုင်နေခဲ့ရပါတယ်။ ဒီလိုမျိုး လုပ်ခဲ့တာက ရော်နယ်ဒိုရဲ့ ကစားသမားဘဝကို လေးစားလို့ဖြစ်ကြောင်း တန်ဟက်ခ်က ဖြေရှင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ရွိုင်ကိန်းက ယူနိုက်တက်အနေနဲ့ ရော်နယ်ဒိုကို မလေးမစားလုပ်တာလို့ ပြောကြားခဲ့သလို မော်ဂန်ကလည်း ဝေဖန်လာပါတယ်။
မော်ဂန်က “ယူနိုက်တက်ရဲ့ ဒီရာသီ အကြီးမားဆုံးပွဲအတွက် ရော်နယ်ဒိုကို အရန်ခုံထိုင်ခိုင်းတယ်တဲ့လား။ ပြီးတော့ ကစားသမား ငါးယောက် လူစားလဲတယ်၊ ဒါပေမယ့် ရော်နယ်ဒိုကို မသုံးတာက သုံးခဲ့မိရင် သူ့ကို လေးစားမှုမရှိရာရောက်မှာစိုးလို့တဲ့လား။ တန်ဟက်ခ်က မောက်မာပြီး လူလိမ်လူညာတယောက်ပါ။ သူ ရော်နယ်ဒိုအပေါ် ဆက်ဆံပုံက တကယ်ကို အရှက်ရစရာပါ” လို့ ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ်နဲ့တပွဲတည်းသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ကျန်တဲ့ပွဲအားလုံးမှာ မိနစ်ပိုင်းသာ ဝင်ရောက်ကစားခွင့်ရရှိခဲ့တာပါ။ ဒါက အသင်းရဲ့ရာသီကြိုအစီအစဥ်တွေကို မပူးပေါင်းခဲ့တဲ့ ရော်နယ်ဒိုရဲ့ကြံ့ခိုင်မှုကြောင့်လို့ တန်ဟက်ခ်က အကြောင်းပြချက်ပေးခဲ့ပါတယ်။
ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်ရဲ့ ယူရိုပါလိဂ်ပွဲစဥ်နှစ်ပွဲမှာတော့ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ရှရစ်ဖ်နဲ့ပွဲမှာတော့ ပင်နယ်တီကတဆင့် ဒီရာသီသူ့အတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ တန်ဟက်ခ်ဟာ ရော်နယ်ဒိုကို ပွဲထွက်ခွင့်ပြန်ပေးနိုင်ဖို့ စောင့်မျှော်နေတယ်ဆိုပေမယ့် မာရှယ်လ်၊ ရပ်ရှ်ဖို့ဒ်တို့ကိုသာ သူ့ရဲ့ အဓိကတိုက်စစ်မှူးတွေအဖြစ် သတ်မှတ်ထားကြောင်း သတင်းတွေက ဖော်ပြလျက်ရှိပါတယ်။