ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ လာမယ့် စပါးနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဥ်မှာ ပွဲထွက် ကစားခွင့်ရဖို့အရေးအတွက် အသင်းနည်းပြ ရန်းနစ်ဂ်ကို သွယ်ဝိုက်သတိပေးထားတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေပါတယ်။ ရော်နယ်ဒိုဟာ အသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲကို လွဲချော်ခဲ့ရပါတယ်။

ဒီလိုမျိုး မန်ချက်စတာဒါဘီမှာ ရော်နယ်ဒိုမပါဝင်တဲ့အပေါ် နည်းပြ ရန်းနစ်ဂ်က တင်ပါးဆုံဒဏ်ရာကြောင့်လို့ ဖြေရှင်းပေမယ့် ရော်နယ်ဒိုမှာ ဒဏ်ရာပြဿနာကင်းရှင်းနေတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ ရော်နယ်ဒိုဟာ မန်စီးတီးနဲ့ အဝေးကွင်းပွဲအတွက် ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခွင့်မရမှန်း သိလိုက်ချိန်မှာ ဒေါသပေါက်ကွဲပြီး အသင်းလူစာရင်းကနေ နှုတ်ထွက်ကာ ပေါ်တူဂီပြန်သွားခဲ့ပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုဟာ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ခန်း အစီအစဥ်မှာ ပြန်လည်ပါဝင်ခဲ့ပြီး စပါး၊ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲတွေအတွက် အားခဲနေပြီဖြစ်ပါတယ်။ သူ့ရဲ့အင်စတာဂရမ်မှာလည်း ရော်နယ်ဒိုက “အသန်မာဆုံး ပြန်လာဖို့အတွက် အစွမ်းကုန်ကြိုးစားနေပါပြီ”
“ကွင်းထဲမှာလည်း အသင်းကို ပြန်လည်ကူညီနိုင်ဖို့ စိတ်အားထက်သန်နေပါပြီ” လို့ ရေးသားခဲ့ပါတယ်။ ဒါဟာ သူ့အနေနဲ့ လာမယ့်ပွဲတွေအတွက် အဆင်သင့်ဖြစ်နေပြီဆိုတာ ရန်းနစ်ဂ်ကို သွယ်ဝိုက်သတိပေးလိုက်တာဖြစ်တယ်လို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။
ရော်နယ်ဒိုဟာ မန်ချက်စတာဒါဘီမှာ ပွဲထွက်ခွင့်မရခဲ့တဲ့အပေါ် လက်ရှိအချိန်ထိ ရန်းနစ်ဂ်ကို ဒေါသထွက်နေဆဲလို့ သိရပြီး အေးဂျင့်ဂျော့ချ်မန်ဒက်စ်ကို ရော်နယ်ဒိုကို ဖျောင်းဖျပြောဆိုမှုတွေ ပြုလုပ်နေရတယ်လို့ သိရှိရပါတယ်။