စပါးက နောက်တန်းမှာ အီမာဆင်၊ ရိုမဲရိုး၊ ဒိုင်ယာ၊ ဘင်ဒေးဗီးစ်၊ ကွင်းလယ်မှာ စကစ်ပ်၊ ဟို့ချ်ဘာ့ချ်၊ လူးကပ်စ်မော်ရာ၊ လိုဆယ်ဆို၊ ဆွန်ဟောင်မင်၊ အထောင်မှာတော့ ဟာရီကိန်းပွဲထွက်လာခဲ့ပါတယ်။
ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ဒီပွဲမှာ ၃-၅-၂ ပုံစံနဲ့ ထူးထူးဆန်းဆန်း ပွဲထွက်လာခဲ့ပြီး ဗာရန်း၊ မက်ဂွိုင်းရား၊ လင်ဒီလော့ဖ်တို့ တစ်ပြိုင်တည်းပွဲထွက်လာခဲ့ပါတယ်။ Wing Back တွေအဖြစ် လုခ်ရှော၊ ဝမ်ဘစ်ဆာကာ၊ ကွင်းလယ်မှာ ဖရက်ဒ်၊ တွမ်မီနေး၊ ဘရူနိုဖာနန်ဒက်စ်၊ တိုက်စစ်မှာ ရော်နယ်ဒိုနဲ့ကာဗာနီတို့ကို တွဲဖက်ပွဲထုတ်ခဲ့ပါတယ်။
ပွဲကစားချိန် အစောပိုင်းမိနစ်တွေမှာ နှစ်သင်းလုံးဝေ့နေသလို ခံစားရပါတယ်။ တိုက်စစ်လိုက်ပါပုံအားရစရာမကောင်းတဲ့ ဝမ်ဘစ်ဆာကာကို Wing Back အနေနဲ့ သုံးလာတာက ယူနိုက်တက်အတွက် ဘာမှစိတ်ဝင်စားစရာမကောင်းပါဘူး။ ဖြတ်တင်ဘောတွေက လိုရာမရောက်ဘဲ လွတ်လွတ်ကျွတ်ကျွတ် ပို့လို့ရတဲ့အချိန်မှာတောင် အလွဲလွဲအချော်ချော်တွေချည်းပါပဲ။
ဒါပေမယ့် ဆွန်ဟောင်မင်ကန်ချက်ကို အကောင်းဆုံး Block လုပ်ခဲ့တာနဲ့ သူ့ရဲ့ ခံစစ်စွမ်းဆောင်ရည်တွေအတွက်တော့ အသိအမှတ်ပြုရပါမယ်။ ရှေ့မှာ ကာဗာနီနဲ့ရော်နယ်ဒို ကစားပေါက်ထပ်နေတယ်လို့ဆိုနိုင်ပြီး နှစ်ယောက်လုံးခွဲထွက်ဖို့ အချိန်ယူကြိုးစားခဲ့ရပါတယ်။
စပါးက ရိုမဲရိုးဂိုးသွင်းခဲ့ပေမယ့် လူကျွံနေခဲ့ပြီးနောက် ယူနိုက်တက်တို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ် မ တင်ပေးလိုက်တဲ့ ဘောလုံးကို ရော်နယ်ဒိုက အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းစစချင်း ရော်နယ်ဒို နောက်တစ်ဂိုးသွင်းပေမယ့် လူကျွံနေခဲ့ပါတယ်။ စပါးကစားပုံက ဒီနည်းပြလက်ထဲမှာ အမြဲတမ်း တစ်ခုခုလိုနေသလိုဖြစ်နေပြီး နောက်ဆုံးအဆုံးသတ်ပေးပို့မှုတွေ၊ ကွင်းလယ်ပိုင်း စီးမိုးမှုတွေက အားနည်းချက်တွေရှိနေဆဲပါ။
(၆၄) မိနစ်မှာတော့ ယူနိုက်တက်တို့ ဒုတိယဂိုးထပ်ရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ ရုန်းအားကတစ်ဆင့် ရော်နယ်ဒိုဖန်တီးပေးတာကို ကာဗာနီက ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့မှာ သွင်းယူသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ရော်နယ်ဒို၊ ဘရူနိုဖာနန်ဒက်စ်တို့ကို အနားပေးခဲ့ပြီး ယူနိုက်တက်တို့ ပွဲကိုထိန်းခဲ့ပါတယ်။
လူစားဝင်ကစားသမား ရပ်ရှ်ဖို့ဒ်က မာတစ်ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ပွဲကစားချိန် (၈၅) မိနစ်မှာ ယူနိုက်တက်အတွက် ပွဲသိမ်းဂုိးကို သွင်းယူပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ နောက်ဆုံးပရီးမီးယားလိဂ် (၅) ပွဲမှာ ပထမဆုံးနိုင်ပွဲကိုရရှိခဲ့သလို အာဆင်နယ်ရဲ့ အထက်မှာ ပြန်လည်ရပ်တည်နိုင်ခဲ့ပြီး ဖိအားတွေများနေတဲ့ ဆိုးလ်ရှားအတွက်လည်း အသက်ရှူချောင်ခဲ့ရပါတယ်။