ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက သူ့ကစားသမားတွေအနေနဲ့ လက်ဝှေ့ကျော် တိုင်ဆန်ဖျူရီကို အတုယူဖို့ လိုအပ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ မနက်ဖြန်ညမှာ စပါးနဲ့ ကစားမယ့်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်နေတာဖြစ်ပြီး ဆိုးလ်ရှားက အဲ့ဒီနေရာမှာ အခုလိုပြောကြားခဲ့တာပါ။

ဒါပေမယ့် ဆိုးလ်ရှားရဲ့ ဒီပြောစကားကို ယူနိုက်တက်ပရိသတ်တွေက ချက်ချင်းဆိုသလို လှောင်ပြောင်ခဲ့ကြပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး (၄) ပွဲမှာ (၁) မှတ်သာရခဲ့ပြီး စပါးနဲ့ပွဲမှာသာ ရလဒ်မကောင်းခဲ့ရင် ဆိုးလ်ရှားတစ်ယောက် ရာထူးက ထုတ်ပယ်ခံရမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက “လီဗာပူးနဲ့ပွဲက စွမ်းဆောင်ရည်က လက်ခံနိုင်စရာမရှိခဲ့ပါဘူး။ ကျွန်တော် ဒါကို တစ်ခုခုနဲ့ ယှဥ်တွဲ ပြောချင်ပါတယ်။ လက်ဝှေ့သမားလိုပေါ့။ အဲ့ဒီလက်ဝှေ့သမားက ပထမအချီရဲ့ အစောပိုင်းမိနစ်တွေမှာတင် မူးနောက်အောင်၊ လဲကျသွားအောင် အထိုးခံခဲ့ရသလိုပါပဲ”
“ကျွန်တော်တို့က အသင်းကောင်းတစ်သင်း (လီဗာပူးကို ရည်ရွယ်သည်) ကို အရမ်းဖွင့်ကစားလွန်းခဲ့ပါတယ်။ တိုင်ဆန်ဖျူရီ လဲကျသွားအောင် အထိုးခံရတာကို ခင်ဗျားတို့ မြင်ဖူးမှာပါ။ ဒါပေမယ့် အဲ့ဒီလိုအချိန်တွေမှာ သူဘယ်လိုတုံ့ပြန်လဲဆိုတာ မှတ်သားစရာကောင်းပါတယ်”
“ကျွန်တော်တို့လည်း စောစောစီးစီး လဲကျခဲ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ပိုကောင်းအောင် ကစားရမယ်၊ အရိုးသားဆုံးနဲ့ ရှေ့ဆက်သွားရမယ်၊ အသင်းဖော်တွေကြား အချိတ်အဆက်တွေ ကောင်းမွန်နေရပါမယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။
သူ့ရဲ့အနာဂတ် လှုပ်ခတ်နေတဲ့အပေါ်မှာလည်း ဆိုးလ်ရှားက “ကျွန်တော် ယူနိုက်တက်မှာ နည်းပြဖြစ်လာတည်းက ဒီလိုမျိုး (၂) ကြိမ်၊ (၃) ကြိမ်လောက် ရင်ဆိုင်ခဲ့ပြီးပါပြီ။ ပြောနိုင်တာတစ်ခုကတော့ ကျွန်တော်က အကောင်းဆုံးတိုက်ခိုက်ပြီး ပြန်လာမှာပါ”
“ခက်ခဲတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့တာ မှန်တာပေါ့။ လီဗာပူးနဲ့ပွဲက စွမ်းဆောင်ရည်နဲ့ ရလဒ်ကြောင့်ပါ။ ကစားသမားတွေကလည်း ဒါကို သိထားပြီး နောက်ပွဲအတွက် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီတစ်ပတ်လုံး လေ့ကျင့်ရေးကွင်းမှာ ပုံစံကောင်းပြခဲ့ကြပါတယ်” လို့လည်း ပြောကြားသွားခဲ့ပါတယ်။