ယူနိုက်တက်က လီဗာပူးကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ (၅) ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ယူနိုက်တက်ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးက တော်တော်လေးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်နေခဲ့တာပါ။ နည်းပြဆိုးလ်ရှားရဲ့အနာဂတ် လှုပ်ခတ်လာခဲ့သလို အသင်းဖော်နှစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒိုနဲ့ဂရင်းဝုဒ်တို့အကြား ကတောက်ကဆဖြစ်ခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြလာပါတယ်။

နောက်ဆုံးထွက်ပေါ်ထားတဲ့ သတင်းတွေအရတော့ ဆိုးလ်ရှားက စပါးနဲ့ပွဲကို ဆက်လက်ကိုင်တွယ်ဦးမှာဖြစ်ပေမယ့် ရော်နယ်ဒိုနဲ့ဂရင်းဝုဒ်အကြား ပြဿနာကို အရင်ဆုံးဖြေရှင်းဖို့ လိုအပ်နေပါပြီ။
ယူနိုက်တက်ကစားသမားအချို့က ရော်နယ်ဒိုနဲ့ဂရင်းဝုဒ်တို့ တစ်ယောက်နဲ့တစ်ယောက် ဘောလုံးပေးကစားခြင်းမရှိတဲ့အပေါ် ရိပ်မိလာပြီး ဒီပြဿနာကို ဆိုးလ်ရှားအမြန်ဆုံးဖြေရှင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။
မကြာခဏဆိုသလို ဂရင်းဝုဒ်က ကွင်းထဲမှာ ရော်နယ်ဒိုကို ဘောလုံးမပေးဘဲ တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ ဂိုးပေါက်ကန်သွင်းမှုတွေပြုလုပ်နေပြီး ဒီအပေါ်မှာ ရော်နယ်ဒိုက သိသိသာသာပဲ စိတ်ဆိုးဒေါသထွက်နေပါတယ်။ ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲကစလို့ ဒီပြဿနာက တဖြည်းဖြည်းထင်ပေါ်လာခဲ့ပြီး အဲ့ဒီပွဲမှာ ဂရင်းဝုဒ်က တော်တော်လေးကို အခွင့်အရေးတွေဖြုန်းတီးပစ်ခဲ့တာပါ။
ယူနိုက်တက်ကြယ်ပွင့်တွေဟာ ရော်နယ်ဒိုနဲ့ဂရင်းဝုဒ်ပြဿနာအပြင် ဆိုးလ်ရှားရဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ တိတိကျကျညွှန်ကြားမှုမရှိတာနဲ့ ခြေစွမ်းမပြနိုင်သည့်တိုင် သူ့စိတ်ကြိုက်ကစားသမားတွေကို တွင်တွင်အသုံးပြုနေတဲ့အပေါ် မပျော်မရွှင်ဖြစ်နေပါတယ်။
ဂရင်းဝုဒ်ကလည်း ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ရော်နယ်ဒိုမရောက်ခင်က ဂိုးသွင်းခြေစွမ်းပြနေပေမယ့် ရော်နယ်ဒိုရောက်လာပြီးနောက်ပိုင်း သိသိသာသာ ခြေစွမ်းကျဆင်းသွားခဲ့တာက ဆိုးလ်ရှားအတွက် စဥ်းစားစရာအချက်တစ်ချက်လည်းဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် နောက်ဆုံး (၄) ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေခဲ့တာပါ။ ဒါဟာ (၂၀၁၅) တုန်းက ရီးရဲယ်မက်ဒရစ်မှာ ဂိုးပေါက်ပျောက်ပြီးနောက်ပိုင်း လိဂ်ပွဲတွေမှာ အရှည်ကြာဆုံးဂိုးပေါက်ပျောက်မှုဖြစ်လာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့ခံစစ်ကူညီမှု၊ ဘောလုံးဆုံးရှုံးချိန် လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့လည်း ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါသေးတယ်။