စပါးနည်းပြ ကွန်တီက ဒီပွဲမတိုင်ခင် ပြီးခဲ့တဲ့ ရာသီ ယူနိုက်တက်ကွင်းမှာ သူတို့ ယူနိုက်တက်ကို ရှုံးတာ မဟုတ်ဘဲ ရော်နယ်ဒိုရဲ့ ဟက်ထရစ်ကြောင့်သာရှုံးတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အခုပွဲမှာတော့ တန်ဟက်ခ်က ရော်နယ်ဒိုကို ဒုတိယပိုင်းမှာတောင် ထည့်မသုံးဘဲ စပါးကို နှစ်ဂိုးပြတ်နဲ့ အနိုင်ယူပြသွားခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်ရဲ့ ကွင်းလယ်နဲ့နောက်တန်းက အပြောင်းအလဲမရှိခဲ့ဘဲ တိုက်စစ်မှာတော့ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်၊ အန်တိုနီတို့ ပွဲထွက်ခဲ့ပါတယ်။ ပွဲစတာနဲ့ ယူနိုက်တက်တို့ ဆက်တိုက် တိုက်စစ်ဆင်ခဲ့ပြီး စပါး ဂိုးသမား လိုရစ် လက်စွမ်းပြခဲ့တာကြောင့်သာ သွင်းဂိုးတွေကို စောစောစီးစီး မမြင်တွေ့ခဲ့ရတာပါ။ ပွဲကစားချိန် (၂၅) မိနစ်အတွင်း လိုရစ်တယောက် ဂိုးပေါက်ကို (၅) ကြိမ်အထိ ကာကွယ်ခဲ့ရပါတယ်။

အန်တိုနီရဲ့ ကန်ချက်တွေ တိုင်ထိထွက်၊ ဂိုးသမားတည့်တည့်ရောက်နဲ့ ဂိုးမဖြစ်ခဲ့တာ ကက်စ်မဲရိုးရဲ့ ကန်ချက် ဘေးကပ်ထွက်ခဲ့တာ၊ ဖရက်ဒ်ရဲ့ ကန်ချက်ကို လိုရစ် လက်စွမ်းပြခဲ့တာကြောင့် ယူနိုက်တက်တို့ ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း စစချင်း ယူနိုက်တက်တို့ ဂိုးရလိုက်တာကြောင့် ယုံကြည်မှုလည်းရှိသွားခဲ့ပါတယ်။
ဧရိယာထိပ်က ဖရက်ဒ်ရဲ့ကန်ချက်က ဘင်ဒေးဗီးစ်နဲ့ထိပြီး ဂိုးဝင်သွားခဲ့တာကြောင့် ယူနိုက်တက်တို့ ဂိုးပေါက်ပွင့်သွားပြီး စိတ်ဓာတ်ပိုင်းအရလည်း အသာစီးရသွားပါတယ်။ ယူနိုက်တက်အတွက် ဒုတိယဂိုးကိုတော့ ဘရူနိုဖာနန်ဒက်စ်ကပဲ ကန်သွင်းယူပေးခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်လည်း ဒီပွဲမှာ ဂိုးလိုချင်ခဲ့ပေမယ့် လိုရစ်ရဲ့ အံ့အားသင့်ဖွယ်လက်စွမ်းတွေကို မကျော်နိုင်ခဲ့တာကြောင့် ဂိုးမရခဲ့ဘဲ ယူနိုက်တက်လည်း နှစ်ဂိုးနဲ့ ကျေနပ်လိုက်ရပါတယ်။
ရော်နယ်ဒိုကတော့ ဒီပွဲမှာ ဝင်ကစားခွင့်မရတဲ့အတွက် မကျေမနပ်ဖြစ်ခဲ့ရပြီး ပွဲမပြီးခင်မှာတင် အရန်ခုံတန်းကနေ ထထွက်ကာ အဝတ်လဲခန်းထဲ ဝင်ရောက်သွားခဲ့ပါတယ်။ တခြားကိစ္စမရှိရင်တော့ ဒါက မဖြစ်သင့်တဲ့ကိစ္စလို့ဆိုရမှာဖြစ်ပြီး တန်ဟက်ခ်ကတော့ ရော်နယ်ဒိုနဲ့ ပတ်သက်လာရင် အမြဲတမ်း ပြတ်ပြတ်သားသား ကိုင်တွယ်နေတာကို ချီးကျူးရမှာဖြစ်ပါတယ်။