ယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ မနေ့ညက စပါးနဲ့ပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်က ပရိသတ်တွေအတွက် ချီးကျူးစရာဖြစ်နေပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ပေးဂိုးမရှိ နိုင်ပွဲတပွဲကို ပုံဖော်နိုင်ခဲ့ပြီး တသင်းလုံးကလည်း ပုံစံကောင်းတွေကို ပြသသွားခဲ့တာပါ။ ဒါဟာ တန်ဟက်ခ်လက်ထက် အကောင်းဆုံးပွဲတပွဲလို့ဆိုရင်လည်း မမှားပါဘူး။

ဒီနေရာမှာ စပါးတိုက်စစ်က ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်တို့နှစ်ယောက်လုံးကို လီဆန်ဒရိုမာတီနက်ဇ်က အကောင်းဆုံး ထိန်းချုပ်ပြသွားတာကိုလည်း ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ အန်တိုနီ၊ ကက်စ်မဲရိုး၊ ဘရူနိုဖာနန်ဒက်စ်တို့နဲ့အတူ မာတီနက်ဇ်ကလည်း တကယ်ကို ချီးကျူးရမယ့် ကစားသမားဖြစ်တယ်ဆိုတာကို ပွဲအပြီးမှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုမှတ်တမ်းတွေက သက်သေပြနေပါတယ်။
စပါးရဲ့ တိုက်စစ်လမ်းကြောင်းတွေကို မာတီနက်ဇ်က အကောင်းဆုံး ဖြတ်တောက် ဟန့်တားနိုင်ခဲ့သလို ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်တို့နှစ်ယောက်လုံးကလည်း မာတီနက်ဇ်ကို တယောက်ချင်းအရ၊ ကြံ့ခိုင်မှုပိုင်းအရ ဘယ်လိုမှ မယှဥ်နိုင်ခဲ့ပါဘူး။ ဒီတပတ်အစောပိုင်းကတင် ယူနိုက်တက်အသင်းဖော် လုခ်ရှောက မာတီနက်ဇ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ချီးကျူးပြောကြားထားပါသေးတယ်။
ဒီပွဲမှာလည်း ယူနိုက်တက်ပရိသတ်တွေက မာတီနက်ဇ်နဲ့ ပတ်သက်လို့ “အာဂျင်တီးနား” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ အော်ဟစ်အားပေးခဲ့ပြီး ဒါက သူ့ကို စိတ်လှုပ်ရှားစေခဲ့ကြောင်း၊ မျက်ရည်ကျချင်သလိုတောင် ဖြစ်ခဲ့ရကြောင်းလည်း မာတီနက်ဇ်က ပွဲအပြီးမှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာပါ။
သူ့အနေနဲ့ အသင်းကို ရောက်ရောက်ချင်း အရပ်အမောင်းအားနည်းချက်ကြောင့် ဝေဖန်မှုတွေ၊ သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်ခံခဲ့ရပေမယ့် ဒါတွေကို အကောင်းဆုံးကျော်ဖြတ်ပြခဲ့ပါတယ်။ ဒါ့အပြင် တန်ဟက်ခ်ရဲ့အသင်းအတွက်လည်း မရှိမဖြစ် အရေးပါတဲ့ ဗဟိုနောက်ခံလူတယောက်၊ ယူနိုက်တက်ပရိသတ်တွေရဲ့ အချစ်တော်တယောက်ဖြစ်လာခဲ့ပါတယ်။