ပွဲက တော်တော်လေးကြည့်ကောင်းခဲ့ပါတယ်။ ပထမပိုင်းမှာ ကွန်တီက လီဗာပူးကို တန်ပြန်တိုက်စစ်နဲ့ ကစားဖို့ သေချာပြင်ဆင်ခဲ့ပြီး ထိလည်းထိရောက်ခဲ့ပါတယ်။ ဗန်ဒိုက်ချ် ကိုဗစ်ကြောင့် မပါနိုင်တာ တော်တော်လေးသိသာပြီး စပါးရဲ့ တန်ပြန်တိုက်စစ်တွေကို လီဗာပူးတို့ ခက်ခက်ခဲခဲ ထိန်းခဲ့ရပါတယ်။

ပထမပိုင်းမှာ နှစ်ဖက်ဂိုးသမားတွေ လက်စွမ်းပြခဲ့တာကြောင့်သာ တဂိုးစီသရေနဲ့ ပထမပိုင်းပြီးခဲ့တာပါ။ စပါးအတွက် ဦးဆောင်ဂိုးကိုတော့ ဂိုးပေါက်ပျောက်နေတဲ့ ဟာရီကိန်းက အန်ဒွန်ဘီလီရဲ့ ဖန်တီးပေးမှုကတဆင့် အဆုံးသတ်ကန်သွင်းခဲ့ပါတယ်။

ဦးဆောင်ဂိုးရပြီးနောက် စပါးတို့ အပိုင်အခွင့်အရေးတွေ ဆက်တိုက်ရခဲ့ပေမယ့် ဆွန်ဟောင်မင် နှစ်ကြိမ်ဆက်တိုက် ဖြုန်းပစ်ခဲ့တာ၊ အလီရဲ့ကန်ချက်ကို အယ်လစ်ဆန် ကာကွယ်နိုင်ခဲ့တာကြောင့် စပါးတို့ အကြီးအကျယ်နစ်နာခဲ့ရပါတယ်။
နောက်ပိုင်းမှာ လီဗာပူးက ချေပဂိုးရဖို့ တော်တော်လေး တင်ကစားလာပြီး ရော်ဘတ်ဆန်ရဲ့ ဖြတ်တင်ဘောကို ဂျိုတာက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ အာနိုးလ်ရဲ့ ကန်ချက် လိုရစ်နဲ့ ထိထွက်ခဲ့တာကလည်း စပါးအတွက် သက်သာရာရခဲ့ပါတယ်။ နောက်ပြီး ရော်ဘတ်ဆန်ကို ဟာရီကိန်းနင်းခဲ့တာ အနီမထိခဲ့တာလည်း စပါးတို့ ကံကောင်းခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာလည်း စပါးတို့ အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ ဖြုန်းတီးပစ်ခဲ့ပြန်ပါတယ်။ လီဗာပူး ရသွားတဲ့ ဦးဆောင်ဂိုးကတော့ အငြင်းပွားစရာပါ။ ဒီမတိုင်ခင် လီဗာပူး ပင်နယ်တီဧရိယာထဲမှာ အလီကို အာနိုးလ် နောက်ကနေ ဟန့်တားခဲ့ပေမယ့် ပင်နယ်တီမပေးခဲ့ပါဘူး။
ချက်ချင်းဆိုသလိုပဲ လီဗာပူးတို့ ဦးဆောင်ဂိုးရခဲ့တာဖြစ်ပြီး ဆာလာ ခေါင်းတိုက်ရင်း လက်ထိခဲ့ပေမယ့် ဒိုင်ကတော့ VAR တောင် ပြန်မကြည့်ဘဲ ဂိုးပေးခဲ့ပါတယ်။ ဒီဂိုးကိုတော့ အာနိုးလ်ရဲ့ ကန်ချက်ကတဆင့် ရော်ဘတ်ဆန်က ခေါင်းတိုက်သွင်းယူခဲ့တာပါ။
ဒါပေမယ့် စပါးတို့ ချေပဂိုးချက်ချင်းပြန်ရခဲ့ပြီး အယ်လစ်ဆန်ရဲ့အမှားကတဆင့် ဆွန်ဟောင်မင်က သွင်းယူခဲ့ပါတယ်။ လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန် အီမာဆင်ကို ရည်ရွယ်ချက်ရှိရှိ ဖြတ်ကန်ခဲ့တာကြောင့် ဒီတကြိမ်မှာတော့ ဒိုင်က VAR ကြည့်ပြီး အဝါကတ်ဖျက်၊ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။
ရော်ဘတ်ဆန်ကတော့ ပရီးမီးယားလိဂ်မှာ ဂိုးသွင်း၊ ဂိုးဖန်တီးမှုနဲ့ အနီကတ်ပါ တပွဲတည်း ရယူသွားနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။တယောက်အသာရပြီးနောက်ပိုင်း စပါးတို့အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးမရခဲ့ဘဲ အိမ်ကွင်းမှာ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ လီဗာပူးကတော့ ဒီပွဲသရေကျခဲ့တာကြောင့် ဇယားထိပ်ဆုံးက မန်စီးတီးနဲ့ (၃) မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။