• “ သူများရဲ့ အိမ်နံရံဘေးတွေမှာကပ်ပြီးရောင်းခဲ့ရတယ်” လှည်းတန်းကနာမည်ကျော်တောက်ထွန်းကော်ပြန့်

ဒီဆိုင်လေးရဲ့ သက်တမ်းက နှစ် (၂၀)ကျော်ရှိနေပါပြီ

လှည်းတန်းက တောက်ထွန်းကော်ပြန့်ဆိုင်လေးကတော့ ကော်ပြန့်စိမ်းကြိုက်သူတွေအတွက် အမြဲတမ်းဝင်စားဖြစ်နေတဲ့ဆိုင်လေးတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒီဆိုင်လေးကတော့ ဖွင့်ထားတာ နှစ် (၂၀) ကျော်ရှိနေပြီး ဒီလို တောက်ထွန်းကော်ပြန့်ဆိုင်ရယ်လို့ နာမည်တစ်လုံးတွင်နိုင်ဖို့ အောက်ခြေကနေ အဆင့်ဆင့်ကြိုးစားခဲ့ရတဲ့အကြောင်းကို Duwun ပရိတ်သတ်တွေအတွက် ဝေမျှပေးချင်ပါတယ်။

image
လမ်းဘေးမှာ ခိုကပ်ပြီးရောင်းခဲ့ရတဲ့ တောက်ထွန်းကော်ပြန့်ဆိုင်လေးရဲ့ အစ

ဒီဆိုင်လေးကတော့ (၂၀၀၇) ခုနှစ်က လှည်းတန်း အင်းစိန်လမ်းမပေါ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ တောက်ထွန်းကော်ပြန့်ဆိုင်လေးကို အစပြုသူ ဒေါ်မြဝင်းဟာ လမ်းမတော်မြို့နယ်သူတစ်ဦးဖြစ်ပြီး အိမ်ထောင်ကျပြီး ကမာရွတ်မြို့နယ်ကို ပြောင်းလာပြီးတော့ ဒီကော်ပြန့်ဆိုင်လေးကို ဖွင့်ဖြစ်ခဲ့တာပါ။

“ အဲ့တုန်းက လမ်းဘေးမှာ ပလတ်စတစ်ခုံလေးနဲ့ သူများရဲ့ အိမ်ဘေးနံရံလေးတွေမှာ ကပ်ပြီး ဖွင့်ရတာပေါ့နော်။ အဲ့တုန်းက တစ်ပွဲ (၃၀၀) နဲ့စရောင်းတယ်။ အိမ်ထောင်ကျပြီး ဘာလုပ်ရင်ကောင်းမလဲစဉ်းစားတော့ ကိုယ်တတ်တဲ့ပညာလေးနဲ့ ကော်ပြန့်စိမ်းလေးစရောင်းခဲ့တာပါ” လို့ ဒေါ်မြဝင်းက ဆိုပါတယ်။

မိရိုးဖလာတတ်တဲ့ပညာလေးက ကော်ပြန့်ဆိုင်လေးဖွင့်ဖို့ အထောက်အကူပြုခဲ့

မြန်မာပြည်ဖွားတရုတ်လူမျိုးတွေ ဖြစ်တဲ့အတွက် ကော်ပြန့်မုန့်လုပ်တာနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုရှိတာကြောင့် စီးပွားရေးငယ်လေးတစ်ခု လုပ်ဖို့ သူ့ရဲ့မိရိုးဖလာတတ်တဲ့ပညာလေးက အထောက်အကူပြုခဲ့ပါတယ်။

“ ကျွန်မတို့က တရုတ်လူမျိုးတွေဆိုတော့ မိဘလက်ထက်ကတည်းက ကော်ပြန့်လုပ်တာနဲ့ ရင်းနှီးလာတာပေါ့နော်။ ဒါကြောင့် ကော်ပြန့်စိမ်းလုပ်တဲ့ ပညာက မစိမ်းဘူးပေါ့။ အဲဒါနဲ့ ငါတတ်တဲ့ပညာလေးနဲ့ပဲ ရောင်းမယ်ဆိုပြီးတော့ ဖြစ်လာတာပါ။ ” တောက်ထွန်းကော်ပြန့်ဆိုင်လေးရဲ့ ဆိုင်ရှင် ‌ဒေါ်မြဝင်းက ဆိုပါတယ်။

သတ်သတ်လွတ်အရသာမို့ လူမျိုးမရွေး၊ဘာသာမရွေးစားလို့ရတဲ့ ဆိုင်လေး

ဆိုင်လေး စဖွင့်ကတည်းက အခုချိန်ထိ သတ်သတ်လွတ်အရသာတစ်မျိုးတည်းကိုပဲ အရသာကောင်းအောင်၊ စားသုံးသူတွေအကြိုက်တွေ့အောင် စေတနာကိ အရင်းခံပြီး မုန့်ကို ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။

“  စရောင်းတုန်းက များဆိုင်တွေက အရမ်းရောင်းကောင်းးတဲ့အချိန် ကိုယ်က ခုမှစတော့ အရမ်းကိုစိုးရိမ်ခဲ့ရတယ်။ အဲဒါကြောင့် လက်ရာကို အမြဲတမ်းကောင်းအောင် လုပ်တယ်။ ဧည့်သည်အတွက် ဘယ်လိုအကောင်းဆုံးပေးရမလဲဆိုတဲ့စိတ်နဲ့ ပဲ လုပ်ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

 စေတနာအရင်းခံကြောင့် လူတန်းစေ့နေနိုင်ခဲ့

လမ်းဘေးမှာ စရောင်းခဲ့တဲ့ တောက်ထွန်းကော်ပြန့်ဆိုင်လေးက အခုဆို လှည်းတန်းရဲ့ နာမည်ကျော် အစားအစာတစ်ခုထဲမှာ အပါအဝင်ဖြစ်လာခဲ့ပြီး ဆိုင်ခန်းလေးနဲ့လည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဒီဈေးရောင်းရဝင်ငွေလေးနဲ့ပဲ မိသားစုစားဝတ်နေရေး၊ သားသမီးတွေရဲ့ ပညာရေးတို့ကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး လူတန်းစေ့နေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ အရင်ကဆို တော်တော်လေး ဒုက္ခရောက်ခဲ့ရတယ်။ အခုတော့ ကလေးတွေ ပညာရေးကအစ လူတန်းစေ့ အကုန်လုပ်ပေးနိုင်ခဲ့ပြီ။ဒီလိုအခြေအနေရောက်ဖို့လည်း တော်တော်လေးကို ကြိုးစားရုန်းကန်ခဲ့ရပါတယ်” လို့ ဒေါ်မြဝင်းက ဆိုပါတယ်။

တောက်ထွန်းကော်ပြန့်ဆိုင်လေးမှာ ဘာတွေရလဲ

ဒီဆိုင်လေးမှာတော့ ကော်ပြန့်စိမ်း၊ ကော်ပြန့်ကြော်အပြင် အော်ကွေ့ကြည်လည်း ရနိုင်ပြီး တစ်ပွဲကို တစ်ထောင်နှုန်းနဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။ တစ်နေ့ကို ပွဲ (၇၀၀) ကျော်လောက်ရောင်းရပြီး

ဆိုင်ကို မနက် ၉ နာရီမှ ည ၇ နာရီလောက်အထိ ဖွင့်လှစ်ထားပါတယ်။ တောက်ထွန်းကော်ပြန့်ဆိုင်လေးကို လာချင်သူများအတွက် လိပ်စာကတော့ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမပေါ်၊ လှည်းတန်းကားမှတ်တိုင်အနီး၊ ခိုင်ရွှေဝါလမ်းတို အတွင်းထဲကို ဝင်ရတာဖြစ်ပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က