• တစ်နေ့ကိုဟင်းအမျိုးပေါင်း(၅၀)ကျော်နဲ့ဆန်(၃)အိတ်ကုန်အောင်ရောင်းရတဲ့ မဖြူဇလုံထမင်းဆိုင်

နေ့လယ်ထမင်းစားချိန်ဆို ကြိတ်ကြိတ်တိုးစည်ကားနေတဲ့ဆိုင်လေးပါ။

ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်မှတ်တိုင်နားလေးက မဖြူဇလုံထမင်းဆိုင်ကတော့ နေ့စဉ်ထမင်းစားချိန်ရောက်တိုင်း တိုးမပေါက်အောင် စည်ကားနေလေ့ရှိပါတယ်။ ဈေးနှုန်းလည်းတန်၊ အရသာကလည်း အိမ်ချက်လက်ရာကလေးဖြစ်နေတာကြောင့် လူတိုင်းအကြိုက်တွေ့စေတဲ့ ထမင်းဆိုင်လေးတစ်ခုပါ။

image
မဖြူဇလုံထမင်းဆိုင်ရဲ့ အစ

ဒီဆိုင်လေးက အရင်ကထမင်းဆိုင်လေးမဟုတ်ခဲ့ပါဘူး။ (၂၀၀၈) ခုနှစ်လောက်က အသုပ်စုံ၊မုန့်ဟင်းခါးလေးရောင်းရာကနေ ဝယ်သူတွေရဲ့ တောင်းဆိုမှုကြောင့် ထမင်း၊ဟင်းစရောင်းဖြစ်ရင်းက ဇလုံထမင်းဆိုင်လေးဖြစ်ပါတယ်။

“ဒီနားက ဆံပင်ညှပ်သင်တန်းတစ်ခုက ထမင်းဟင်းလာဝယ်တော့ သူတို့ကို ဇလုံထဲမှာ တစ်ခါတည်း ထမင်းရောဟင်းရော ပုံပေးပါဆိုပြီးတော့ ဇလုံထမင်းဆိုပြီးဖြစ်လာတာပါ။ စားသုံးသူတွေရဲ့ တောင်းဆိုချက်နဲ့ ဇလုံထမင်းလေးဖြစ်လာတာပေါ့။ စစချင်းက  (၁,၀၀၀) နဲ့စရောင်းတာပေါ့။ ၂၀၁၆ လောက်က ဇလုံထမင်းဆိုပြီးစရောင်းတာပေါ့နော်။ “ လို့ ဆိုင်ကိုဦးစီးနေသူ မခင်စံပယ်ဖြူက ဆိုပါတယ်။

ထမင်း၊ အသားဟင်းနဲ့အရွက်ကြော်တစ်မျိုးစီကိုမှ (၁,၆၀၀)ကျပ်သာကျသင့်တဲ့ဆိုင်လေး

ဇလုံထဲမှာ ထမင်းအပါအဝင် အသားဟင်း ၂တုံး၃တုံး၊ ကြိုက်နှစ်သက်ရာ အရွက်ကြော်တစ်မျိုးစီကိုမှ တစ်ပွဲ (၁,၆၀၀) ကျပ်သာကျသင့်ပြီး သာမန်သူတွေအတွက်ဆို ထမင်းတစ်ပွဲကို ဝဝလင်လင်စားနိုင်တဲ့အနေအထားဖြစ်ပါတယ်။ ဆိုင်စားအတွက် ငါးပိရည်၊တို့စရာအစုံနဲ့ အရည်သောက်ဟင်းချိုတို့ ချပေးပြီး ဈေးနှုန်းလည်းသင့်တင့်၊အိမ်ချက်လက်ရာလေးအတိုင်းစားရတဲ့ မဖြူဇလုံထမင်းဆိုင်လေးပါ။

“ အဓိကကတော့ ကိုယ်မြတ်ဖို့ထက် စားသုံးသူတွေ အဆင်ပြေပြေနဲ့စားရတယ်။ သူတို့တွေဆီက စားကောင်းတယ်လို့ အသံပြန်ကြားရတာကိုပဲ ကျေနပ်ပါတယ်” လို့ ဆိုပါတယ်။

တစ်နေ့ကို ဆန် ၃အိတ်နဲ့ ဟင်းအမျိုး ၅၀ ကျော်လောက်ရောင်းရတဲ့ဆိုင်လေး

စရောင်းကာစတုန်းကတော့ ဟင်း ၃ ၊ ၄ မျိုးလောက်နဲ့ စခဲ့ပြီး တစ်နေ့ကို ၂ သိန်းဖိုးလောက်ရောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ အခုတော့ တစ်နေ့ကို ဟင်းအမျိုးပေါင်း ၅၀ ကျော်၊ ဆန် ၃ အိတ်လောက်ကုန်အောင်ရောင်းရတယ်လို့ ဆိုင်ကို ဦးစီးနေသူ မခင်စံပယ်ဖြူက ဆိုပါတယ်။

“ အခုဆို ကြက်သား၊ ဝက်သားနဲ့ ပတ်သက်တာ မျိုးစုံရတယ်။ ငါးဆိုလည်း အစုံပေါ့နော်။ ဘဲဥ၊အရွက်ကြော်မျိုးစုံရတယ်။ မနက်ဆို မြန်မြန်လုပ်ရတယ်။ စားသုံးသူတွေက ၁၁ နာရီလောက်ဆို စစည်ပြီ။ နေ့ခင်းလောက်ဆို လက်မလည်တော့ဘူး။ အမေကတော့ ဟင်းကို ဒိုင်ခံချက်ပေးပါတယ်” လို့ ဆိုပါတယ်။

ဈေးတန်တဲ့ မဖြူဇလုံထမင်းစားချင်သူတဲ့အတွက်

ဒီဆိုင်လေးကတော့ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်မှတ်တိုင်အနီး  လမ်းကြားလေးထဲမှာဖြစ်ပြီး ဆိုင်ခွဲလုံးဝမရှိဘဲ ဒီတစ်ဆိုင်တည်း ရှိတာဖြစ်ပါတယ်။ လပေးချိုင့်ဆွဲနဲ့ အလှူအော်ဒါများလည်း လက်ခံပြီး ဆက်သွယ်မှာယူလိုပါက 09420210757 ကို ဆက်သွယ်နိုင်ပါတယ်။ ဆိုင်မှာ မနက် ၁၀ နာရီခွဲလောက်ဆို ဟင်းစုံစုံလင်လင်ရနိုင်ပြီး စောစောလာတဲ့သူတွေအတွက်တော့ဟင်းအမျိုးအစားရွေးချယ်စရာများပါတယ်။ ဒါကြောင့်မို့ ဈေးလန်းတန်၊အိမ်ချက်လက်ရာလေးကို မြည်းချင်တယ်ဆိုရင်တော့ စောစောလေးသွားစားကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်နော်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က