Storage အမြင့် နဲ့ စပီကာ ၈ လုံးတပ်ထားပြီး ဈေးသက်သာတဲ့ Honor တက်ဘလက်သစ်ကို တရုတ်ဈေးကွက်မှာ ကြေညာလိုက်ပါတယ်။
စမတ်ဖုန်းသစ်တွေ ဆက်တိုက်ထုတ်လာနေတဲ့ Honor ဟာ Honor Tablet 8 နာမည်နဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ တက်ဘလက်မော်ဒယ်သစ်ကို မိတ်ဆက်လိုက်တာပါ။ Honor V7 တက်ဘလက်ရဲ့ အဆက်လို့ ဆိုရမယ့် ဒီတက်ဘလက်သစ်ဟာ လေးဘက်ဘေးဘောင် ပါးပါးနဲ့လာပြီး Screen နေရာယူမှုလည်း မြင့်လာပါတယ်။ အချက်အလက်တွေအရ Honor Tablet 8 ဟာ ၁၂ လက်မ 2K LCD Display နဲ့ ထွက်ထားပြီး Screen ရုပ်ထွက် 2000 x 1200p ရုပ်ထွက် သုံးထားပါတယ်။

Screen ဘေးဘောင် Bezel ဆိုဒ် ၇.၂ မီလီမီတာ ပါရှိပြီး 10:6 aspect ratio ၊ 6.9mm အထူနဲ့ သတ္ထုဘော်ဒီကိုယ်ထည် ပါလာပါတယ်။ Honor ရဲ့ ကြေညာမှုအရဆို Screen ဟာ ၁.၀၇ ဘီလျံ ကာလာ ပံ့ပိုးနိုင်မယ်လို့ ဆိုပါတယ်။ Mid-Range တက်ဘလက်ဖြစ်တဲ့အတိုင်း Snapdragon 680 SoC နဲ့လာပြီး Storage 128GB ၊ RAM 4/6/8GB ဆိုပြီး တွဲဖက်ထားပါတယ်။ ဘက်ထရီပါဝါ 7250mAh ဟာ 22.5W Fast Charging ပံ့ပိုးမှုလာပြီး USB Type-C port နဲ့ အားသွင်းနိုင်မှာပါ။
ကင်မရာပိုင်းမှာ ရှေ့ဘက် 5MP နဲ့ ကျောဘက် 5MP ကင်မရာတို့ သုံးထားပါတယ်။ တက်ဘလက်သုံးသူတွေ မျက်စိမထိခိုက်စေဖို့ Rheinland ထုတ်ကုန်အဆင့် Blue Light လျှော့ချတဲ့ စနစ်နဲ့ အမျိုးသားမျက်စိပိုင်းဆိုင်ရာ Engineering Center ရဲ့ မျက်စိကာကွယ်နိုင်မှု ထောက်ခံချက်လည်း ရထားပါတယ်။ အသံစနစ်အတွက် စပီကာ ၈ လုံး တပ်ဆင်ထားသလို Huawei ရဲ့ Histen အသံလုပ်ဆောင်ချက်တွေနဲ့ အသံထွက်အတွေ့အကြုံ ပိုကောင်းစေဖို့ DTS:X Ultrasound စနစ်တို့လည်း အသုံးပြုထားပါတယ်။
Honor Tablet 8 မှာ Multi-Screen လုပ်ဆောင်ချက်နဲ့ Three-Speed Windows အလွတ်တန်းချိန်ညှိမှုပါတဲ့ Split Screen စနစ်တွေကို Support ပေးနိုင်တဲ့ Magic UI 6.1 နဲ့လာပါတယ်။ Honor Tablet 8 ကို Mint Green ၊ Dawn Blue နဲ့ Dawn Gold ကာလာ ၃ ရောင်နဲ့လာပြီး 4/128GB မော်ဒယ်ကို ယွမ် ၁၅၀၀ (မြန်မာငွေ ၄ သိန်းကျော်) ၊ 6/128GB မော်ဒယ်ကို ယွမ် ၁၈၀၀ (မြန်မာငွေ ၅ သိန်းကျော်) နဲ့ အမြင့်ဆုံးမော်ဒယ် 8/128GB ဗားရှင်းအတွက် ယွမ် ၂၀၀၀ (မြန်မာငွေ ၅ သိန်းခွဲကျော်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။
Huawei ကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့ ဖုန်းအမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်လာနေတဲ့ Honor ဟာ Flagship နဲ့ Upper Mid-Range တန်း စမတ်ဖုန်းတွေ ထုတ်လုပ်ပြီး နေရာရလာနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်အတွင်း Honor ဟာ တရုတ်စမတ်ဖုန်းဈေးကွက်မှာ နံပါတ်တစ်နေရာက ရပ်တည်ခဲ့တယ်လို့လည်း Canalys အချက်အလက်တွေက ဖော်ပြထားပါတယ်။
သုံးလပတ် စမတ်ဖုန်းတင်ပို့မှု စုစုပေါင်း ၇၅.၆ သန်း ရှိခဲ့တဲ့အထဲက ၁၅ သန်းဟာ Honor ဖုန်းတွေ ဖြစ်ခဲ့ပြီး ဒါဟာ အရင်နှစ် တင်ပို့မှု ၄.၉ သန်းထက် ၂၀၅% အထိ ထိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ဈေးကွက်ဝေစုအနေနဲ့လည်း တရုတ်ဈေးကွက်ရဲ့ ၂၀% ကို Honor ကပဲ လွှမ်းမိုးထားတာပါ။ သူ့နောက်မှာ OPPO က ဖုန်းအလုံးရေ ၁၃.၉ သန်း နဲ့ ဈေးကွက်ဝေစု ၁၈ ရာခိုင်နှုန်း ၊ Apple က ဖုန်းတင်ပို့မှု ၁၃.၈ သန်းနဲ့ ၁၈ ရာခိုင်နှုန်းစီ ရှိပြီး Vivo နဲ့ Xiaomi တို့က ၁၂.၂ သန်း နဲ့ ၁၀.၆ သန်းစီ တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။