အာကာသခရီးသွားလာရေးဆိုတာ အခု ဆယ်စုနှစ်အတွင်းမှာကို အကောင်အထည်ပေါ်လာဖို့ ရှိပါတယ်။
အာကာသယာဉ်လုပ်ငန်းတွေကိုယ်စီဟာ အာကာသခရီးသွားလာရေးအတွက် အပြိုင်အဆိုင် သူ့ထက်ငါ ကြိုးပမ်းနေချိန်မှာ ကယ်လီဖိုးနီးယားကုမ္ပဏီ Gateway Foundation က အာကာသဟိုတယ် ဖွင့်ဖို့ အစီအစဉ်တွေ ထုတ်ဖော်ပြောကြားလိုက်တာပါ။ ကမ္ဘာ့ပထမဆုံးဖြစ်လာမယ့် Gateway Foundation ရဲ့ အာကာသဟိုတယ်ကို လာမယ့် ၂၀၂၇ ခုနှစ်မှာ ဖွင့်လှစ်နိုင်ဖို့ပါ မျှော်လင့်ထားတယ်လို့ CNN သတင်းက ဆိုပါတယ်။

Photo: CNN
ကမ္ဘာ့လေထုအပေါ်ဘက်မှာ လွင့်မျောနေတဲ့ အထပ်မြင့် Cruise Ship သင်္ဘောစတိုင် အာကာသဟိုတယ်ကို Voyager Station လို့ နာမည်ပေးထားပြီး ကမ္ဘာ့အကြီးဆုံး အာကာသဆောက်လုပ်ရေးကုမ္ပဏီလို့ ဆိုတဲ့ Orbital Assembly ကော်ပိုရေးရှင်းက တည်ဆောက်သွားမယ်လို့လည်း ဆိုပါတယ်။ Orbital Assembly Corporation ဟာ Gateway Foundation ဥက္ကဌဟောင်းနဲ့ လေယာဉ်မှူး ဂျွန် ဘလင်းကောင်းက တည်ထောင်ထားတာပါ။
CNN Travel နဲ့ အင်တာဗျူးမှာ ကိုဗစ်ကိစ္စတွေကြောင့် နှောင့်နှေးမှုတချို့ ရှိနေပေမယ့် အာကာသဟိုတယ်တည်ဆောက်မှုကို ၂၀၂၆ ခုနှစ်က စပြီး တည်ဆောက်နိုင်ဖို့ မျှော်လင့်ထားကြောင်းနဲ့ ၂၀၂၇ မှာ ဖွင့်လှစ်နိုင်မယ်လို့ ခန့်မှန်းထားကြောင်း ပြောခဲ့ပါတယ်။ Voyager Station အတွင်းခန်းဟာ ကမ္ဘာပေါ်က ဇိမ်ခံဟိုတယ်တလုံးနဲ့ ဆင်ပြီး ကမ္ဘာပြင်ပ မြင်ကွင်းတွေ ခံစားနိုင်အောင် ဒီဇိုင်း ထုတ်ထားမယ်လို့ ဆိုပါတယ်။
Photo: CNN
Voyager Station ဟာ လည်ပတ်နှုန်းကို အတိုးအလျှော့လုပ်ပြီး ဆွဲငင်အားတု Level အပြောင်းအလဲတွေ ထုတ်ပေးနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ လှည့်ပတ်သွားလာနေတဲ့ အာကာသစခန်းတစ်ခု ဖြစ်လာမယ်လို့လည်း ဖော်ပြထားပါတယ်။ "လူလုပ် ဆွဲငင်အားနဲ့ လူတွေနေနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ ပထမဆုံး အာကာသစခန်းဖြစ်လာမှာပါ" လို့ Orbital Assembly Corporation ရဲ့ ဝက်ဘ်ဆိုက်က ဆိုပါတယ်။
ဧရာမ လက်စွပ်ကွင်းပုံစံ အဝိုင်းပတ်ဒီဇိုင်းသုံး ဒီဟိုတယ်မှာ စတုရန်းမီတာ ၅၀၀၀၀ ရှိပြီး အထဲမှာ စားသောက်ခန်း ၊ အရက်ဘား နဲ့ Gyms ခန်းမတွေအပြင် ဟိုတယ်အိပ်ခန်းတွေလည်း ထည့်သွင်းလာမှာပါ။ ဟိုတယ်ခန်းတွေဟာ စတုရန်းမီတာ ၃၀ ခန့်ရှိပြီး အထဲမှာ ကိုယ်ပိုင်ရေချိုးခန်း ၊ နားနေခန်းနဲ့ လူ ၂ ဦးအထိ နေနိုင်မယ်လို့ ဆိုပါတယ်။ Voyager Station ဟာ စားသောက်ခန်းနဲ့ သုတေသနဌာနအပါအဝင် လူနေနိုင်မယ့်နေရာ Modules ၂၄ လုံး ပါပြီး ဧည့်သည်ပေါင်း ၂၈၀ နဲ့ ယာဉ်ဝန်ထမ်း ၁၁၂ ဦးအထိ တည်ခင်းဧည့်ခံနိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။