• Featured

    တစ်နာရီ မိုင် ၇ သန်းနှုန်းနဲ့ လူတွေ ခရီးသွားနိုင်တဲ့ခေတ် ရောက်လာနိုင်မလား

အလင်းအလျင်နဲ့ဆို ကမ္ဘာကနေ လကို သွားဖို့ တစ်စက္ကန့်ပဲ ကြာမှာပါ

တလောကလုံးမှာ အမြန်ဆုံးအလျင်ဟာ အလင်းလို့ ဆိုကြပါတယ်။

အလင်းဟာ တစ်စက္ကန့်ကို ၁၈၆၀၀၀ အလျင်နှုန်းနဲ့ သွားပါတယ်။ ဒီအလျင်ဟာ ကမ္ဘာကနေ လကို တစ်စက္ကန့်အတွင်း အရောက်ပို့နိုင်စွမ်းရှိပါတယ်။ အလင်းအလျင်ရဲ့ ၁ % သွားနိုင်တဲ့ နည်းပညာသစ်သာ ဖော်ထုတ်နိုင်မယ်ဆိုရင် တစ်နာရီ မိုင် ၇ သန်းနှုန်း ခရီးဆက်နိုင်မှာပါ။


ဒီနည်းပညာက တကယ်ပဲ ဖြစ်လာနိုင်သလား။ လူတွေဟာ ဘယ်လောက်အမြန်နှုန်းနဲ့ ခရီးသွားနိုင်မလဲ။ 


အပေါ်မှာ ပြောခဲ့သလိုပါပဲ။ အလင်းရဲ့အလျင်နဲ့ဆို ကမ္ဘာကနေ လဆီကို သွားဖို့ တစ်စက္ကန့်ပဲ ကြာမှာပါ။ လော့စ်အင်ဂျလိစ်နဲ့ နယူးယော့ခ်ဆို မျက်စိတစ်မှိတ်လောက်တောင် ကြာမှာ မဟုတ်ပါဘူး။ အလင်းအလျင်ရဲ့ ၁ % နှုန်း သွားနိုင်မယ်ဆိုရင် တစ်နာရီ မိုင် ၇ သန်းအထိ ခရီးဆက်နိုင်မယ်လို့ တွက်လို့ ရပါတယ်။ ဒါဟာ လုပ်ငန်းသုံး Commercial Jet ယာဉ်ပျံတစ်စင်းထက် အဆပေါင်း ၁၀၀၀၀ ကျော် မြန်တဲ့နှုန်းလည်း ဖြစ်ပါတယ်။

image

Photo: earthsky


အမြန်ဆုံးလူလုပ်အရာဝတ္ထုတွေ



လူလုပ် အမြန်ဆုံးအရာဝတ္ထုတွေကို ကြည့်လိုက်အောင်ပါ။ ကျည်ဆံတစ်တောင့်ဟာ တစ်နာရီ မိုင်ပေါင်း ၂၆၀၀ နှုန်းနဲ့ သွားနိုင်ပါတယ်။ ဒါက အသံထက် ၃ ဆကျော် မြန်တဲ့နှုန်းပါ။ အမြန်ဆုံးလေယာဉ်ဖြစ်တဲ့ NASA ထုတ် X3 Jet လေယာဉ်ဟာ အမြင့်ဆုံး Top Speed အနေနဲ့ တစ်နာရီ မိုင် ၇၀၀၀ နှုန်းအထိ သွားနိုင်ပါတယ်။ ဒါဟာ ချီးကျူးလောက်စရာဆိုပေမယ့် အလင်းအမြန်နှုန်းရဲ့ ၀.၀၀၁% ပဲ ရှိသေးတာ ဖြစ်ပါတယ်။ 


လက်ရှိ လူသားတွေ ထုတ်လုပ်ထားတဲ့ အမြန်ဆုံးအရာတွေက အာကာသယာဉ်ပျံ Spacecraft တွေ ဖြစ်ပါတယ်။ ကမ္ဘာ့ဆွဲအားကနေ ကင်းလွတ်ရာကို တွန်းဖို့ တစ်နာရီ မိုင် ၂၅၀၀၀ နှုန်းအရှိန်နဲ့ တင်နိုင်တဲ့ ဒုံးပျံတွေ သုံးထားပါတယ်။ အာကာသယာဉ်တွေထဲမှာ အမြန်ဆုံးခရီးသွားနိုင်တယ်လို့ မှတ်တမ်းတင်ထားတာက NASA ရဲ့ Parker Solar Probe ဖြစ်ပါတယ်။ နေစကြဝဠာကို လေ့လာဖို့ ၂၀၁၈ မှာ ကမ္ဘာက လွှင့်တင်ခဲ့ပြီးနောက် လောင်မြိုက်နေတဲ့ နေရဲ့ လေထုဆီ တစ်နာရီမိုင် ၃၃၀၀၀၀ နှုန်းနဲ့ ပျံသန်းခဲ့တာပါ။ ဒီလောက်မြန်တဲ့ယာဉ်ရဲ့ ပျံသန်းနှုန်းလည်း အလင်းအလျင်ရဲ့ ၀.၀၅% ပဲ ရှိတာ ဖြစ်ပါတယ်။


ဒါဆို အလင်းအလျင်ရဲ့ ၁% နှုန်းနဲ့ ပျံနိုင်မယ့်ယာဉ်တွေကို လူသားတွေ ဖန်တီးနိုင်ပါ့မလား။ ဒီအလျင်နှုန်းရဖို့ သိပ္ပံပညာရှင်တွေ ကြုံနေရတဲ့ အခက်အခဲတွေက ဘာတွေလဲ။


Photo; inverse


ဒီအတွက် အဖြေကို စွမ်းအင် (Energy) ဆိုတဲ့ စကားတစ်လုံးနဲ့ ဖြေကြပါတယ်။ လှုပ်ရှားနေတဲ့ ဘယ်အရာဝတ္ထုမဆို ရွေ့လျားမှုကြောင့် စွမ်းအင်ရလာပါတယ်။ ရူပဗေဒပညာရှင်တွေက ဒါကို အရွေ့စွမ်းအင် (Kinetic Energy) လို့ ခေါ်ပါတယ်။ မြန်မြန်သွားဖို့ Kinetic Energy မြင့်ဖို့ လိုပါတယ်။ မြန်နှုန်းမြှင့်ဖို့ Kinetic Energy အများအပြားလိုတာပဲ ဖြစ်ပါတယ်။ အရာဝတ္ထုတစ်ခုကို နှစ်ဆ မြန်မြန်သွားနိုင်ဖို့ စွမ်းအင် ၄ ဆ သုံးပါတယ်။ သုံးဆပိုမြန်ဖို့ဆို စွမ်းအင် ၉ ဆ လိုပါတယ်။ ဒီနည်းနဲ့ စွမ်းအင်သုံးတာ ဖြစ်ပါတယ်။ 


ဥပမာ ပေါင် ၁၁၀ အလေးချိန်ရှိတဲ့ ဆယ်ကျော်သက်တစ်ယောက်ကို အလင်းအလျင်ရဲ့ ၁% နှုန်းနဲ့ ပို့ဆောင်ဖို့ဆို စွမ်းအင် ၂၀၀ ထရီလီယံဂျိုးလ် (စွမ်းအင်အတိုင်းအာ Joules) လိုပြီး ဒါဟာ အမေရိကန်ပြည်သူ ၂ သန်းရဲ့ တစ်ရက်တာ စွမ်းအင်သုံးစွဲမှုပမာဏနဲ့ ညီမျှနေတာ ဖြစ်ပါတယ်။ 


လူတွေ ဘယ်လောက် မြန်အောင် သွားနိုင်မလဲ။


Photo: Photo; inverse


အင်ဂျင်နီယာတွေဟာ အာကာသထဲ အရာဝတ္ထုတွေကို ရွေ့လျားစေတဲ့နည်းလမ်းသစ်တွေ ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ SpaceX နဲ့ Blue Origins က သုံးနေတဲ့ ဒုံးပျံသစ်တွေတောင် လောင်စာ လောင်ကျွမ်းမှုက ကားတစ်စင်းမှာ သုံးနေတဲ့ ဂတ်စ်လောင်ကျွမ်းမှုနဲ့ သိပ်မကွာလှပါဘူး။ လောင်စာလောင်ကျွမ်းမှုပိုင်း ထိရောက်မှုသိပ်မရှိတာက ပြဿနာ ဖြစ်နေတာပါ။ 


အာကာသယာဉ်တစ်စင်းကို တွန်းတဲ့တခြားနည်းလမ်းတွေထဲမှာ လျှပ်စစ်အားတို့ သံလိုက်အားတို့ သုံးတာမျိုးတွေလည်း ရှိပါတယ်။ နေကို စွမ်းအင်ပေးတဲ့ နူကလီးယားဓါတ်ပြုမှုဖြစ်စဉ်ကတော့ ဓါတုလောင်စာဆီထက် အများကြီး ပိုထိရောက်မှု ရှိပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီထက် ပိုမြန်မြန်သွားနိုင်မယ့်နည်းလမ်းတွေ သုတေသနလုပ်နေပါတယ်။ ဒီထဲမှာ Star Trek ရုပ်ရှင်မှာ သုံးပြသွားတဲ့ အလင်းထက်မြန်တဲ့ warp Drive အာကာသခရီးသွားနည်းပညာမျိုးလည်း ပါဝင်နေပါတယ်။ 


၁၉၉၄ ခုနှစ်က မက္ကဆီကို သီအိုရီဆိုင်ရာ ရူပဗေဒပညာရှင် Miguel Alcubierre ကြံဆခဲ့တဲ့ အာကာသယာဉ်ရှေ့ပိုင်းမှာ Spacetime (အာကာသဒိုင်မေးရှင်း ၃ ခု နဲ့ အချိန်ဒိုင်မေးရှင်း ၁ ခု ကို ဒိုင်းမေးရှင်း ၄ ခုပေါင်းတစ်ခုအဖြစ် ပေါင်းစည်းမှုသဘော) ကို ချုံ့ပြီး နောက်ပိုင်းမှာ ပြန် Expand လုပ်တဲ့ သဘောတရားဖြစ်ပါတယ်။ သီအိုရီအရ ဖြစ်နိုင်ခြေရှိနေပေမယ့် Alcubierre ရဲ့ Spacetime ချုံ့တဲ့နည်းလမ်းမှာ Negative Energy ဒါမှမဟုတ် Negative Mass ဒြပ်ထု လိုတဲ့ ပြဿနာရှိပါတယ်။


နေရောင်ခြည်ရွက်လွှင့်မှု (Solar Sails) လို့ ခေါ်တဲ့ နည်းပညာနဲ့ နေရောင်ခြည်ရဲ့ ရောင်ခြည်ဖိအား Radiation pressure သုံး အာကာသယာဉ်တွန်းစနစ်ကိုလည်း သုံးပြီး အရာဝတ္ထုတွေကို ပိုမြန်မြန်ရွေ့နိုင်ဖို့ တီထွင်မှုတွေ ရှိပါတယ်။ ဒီနည်းပညာအတွက် အာကာသယာဉ်တွေမှာ ရွက်သင်္ဘောတွေ လေတိုးသလိုမျိုး နေရောင်နဲ့ တွန်းနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ ကြီးမားပါးလွှာတဲ့ပလတ်စတစ် Sheet ကြီးတွေ တပ်ဆင်ရမှာပါ။ အာကာသယာဉ်အနည်းငယ်မှာ ဒီနည်းလမ်း အလုပ်ဖြစ်သလားသိရဖို့ Solar Sails သုံးထားပါတယ်။


သိပ္ပံပညာရှင်တွေကတော့ Solar Sail တွေဟာ အလင်းအလျင်ရဲ့ ၁၀% နှုန်းအထိ အာကာသယာဉ်တွေကို တွန်းပို့နိုင်မယ်လို့ ယူဆထားကြပါတယ်။ တစ်နေ့နေ့မှာ လူတွေဟာ အလင်းအလျင်ရဲ့ အလွန်နည်းပါးလှတဲ့ အမြန်နှုန်းနဲ့ ခရီးသွားနိုင်မယ်ဆိုရင်တော့ ကြယ်တွေဆီကို ခရီးထွက်ဖြစ်ကြမှာပါ။ 

Source: Inverse



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က