• Featured

    Virgin Galactic အာကာသလက်မှတ်တစ်စောင် ကျပ်သိန်း ၈၃၀၀ ကျော်နဲ့ ရောင်းချနေ

လက်မှတ်အစောင်ရေ ၇၀၀ ရောင်းချထားပါတယ်

ဒေါ်လာ ၂ သိန်းခွဲတန် Virgin Galactic အာကာသလက်မှတ်တစ်စောင်ဟာ ဒေါ်လာ ၄ သိန်းခွဲဈေး ဖြစ်သွားပေမယ့် ခရီးထွက်ချင်သူတွေ တန်းစီနေတယ်လို့ ဆိုပါတယ်။ 

Virgin Galactic ဟာ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ အာကာသခရီးထွက်ဖို့အတွက် လက်မှတ်တွေ ပြန်ပြီး ရောင်းချခဲ့တာပါ။ လက်မှတ်အရောင်း ပြန်ဖွင့်ချိန်မှာ တစ်ခုံကို ဒေါ်လာ ၄ သိန်းခွဲ (မြန်မာငွေ သိန်း၈၃၀၀ ကျော်) ဈေးနဲ့ လက်မှတ်အစောင်ရေ ၁၀၀ အထိ ရောင်းချပြီး ဖြစ်တယ်လို့လည်း Engadget သတင်းက ဖော်ပြပါတယ်။ လက်ရှိ လက်မှတ်ဈေးဟာ အစောပိုင်းသတ်မှတ်ဈေး ဒေါ်လာ ၂ သိန်း - ၂ သိန်းခွဲထက် နှစ်ဆနီးပါး ပိုများလာတာလည်း ဖြစ်ပါတယ်။

image

Photo: CNET

ပြီးခဲ့တဲ့ ၂၀၀၅ကနေ ၂၀၁၄ ခုနှစ်အတွင်း Virgin Galactic အာကာသခရီးလက်မှတ်ဈေးဟာ ဒေါ်လာ ၂ သိန်းခွဲမှာ ခရီးသည်ပေါင်း ၆၀၀ က လက်မှတ်ဖြတ်ထားကြတာ ဖြစ်လို့ ကုမ္ပဏီအနေနဲ့ လက်မှတ်အစောင်ရေ ၇၀၀ အထိ ရောင်းချနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ ဗြိတိန်လူမျိုးစွန့်ဦးတီထွင်သူ ဘီလျံနာ ရစ်ချတ်ဘရန်ဆန်ပိုင် Virgin Galactic ဟာ လာမယ့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ စီးပွားဖြစ် အာကာသခရီးစဉ်တွေ စတင်ပျံသန်းဖို့ ပြင်နေပါတယ်။ 

"နောက်နှစ်ထဲ စီးပွားဖြစ် ဝန်ဆောင်မှုတွေ ပေးဖို့ ကျွန်တော်တို့ ယာဉ်တွေရဲ့ ကြံ့ခိုင်စိတ်ချရမှုနဲ့ ခန့်မှန်းတွက်ချက်နိုင်စွမ်းပိုင်း ပိုကောင်းအောင် ပြင်ဆင်ဖို့ ရှင်းလင်းတဲ့လမ်းပြမြေပုံနဲ့အတူ ယာဉ်အဆင့်မြှင့်တင်‌ရေးလုပ်နေပါတယ်"လို့ Virgin Galactic အမှုဆောင်အရာရှိချုပ် မိုက်ကယ် ကော်ဂလေဇာက ဆိုပါတယ်။ "အာကာသခရီးသွားလာရေး ဈေးကွက်တောင်းဆိုမှုလည်း အားကောင်းနေပါတယ်။ စီစဉ်ထားတဲ့အတိုင်း ခရီးစဉ်တွေ မစခင်မှာ ခုံတွေ ရောင်းရဦးမှာပါ။"

Photo: Science Times


Virgin Galactic ကုမ္ပဏီဟာ စီးပွားဖြစ်ခရီးစဉ်မစတင်ခင် စုစုပေါင်း လက်မှတ်အစောင်ရေ ၁၀၀၀ အထိ ရောင်းချနိုင်ဖို့ မျှော်မှန်းထားပါတယ်။ အီလွန်မတ်စ်အပါအဝင် အာကာသခရီးစဉ်အတွက် စိတ်ဝင်စားသူတွေဟာ Virgin Galactic နဲ့ လိုက်ပါဖို့ နေရာဦးထားပြီ ဖြစ်ပါတယ်။ Virgin Galactic ဟာ ဒီနှစ် ဇူလိုင်လထဲမှာ ပထမဆုံးအာကာသပျံသန်းမှု လုပ်ခဲ့ပြီး ဒီခရီးစဉ်မှာ ကုမ္ပဏီတည်ထောင်သူ ရစ်ချတ်ဘရန်ဆန်လည်း လိုက်ပါခဲ့ပါတယ်။ 

Virgin Galactic ပျံသန်းမှုအပြီး နောက် ၉ ရက်အကြာမှာ အမေရိကန်သူဌေးကြီး ဂျက်ဖ်ဘီဇော့စ်ဟာ သူ့ပိုင် Blue Origin ယာဉ်နဲ့ အာကာသခရီးကို ထွက်ပြခဲ့ပါတယ်။ Virgin Galactic ရဲ့ နောက်ထပ်ပျံသန်းမယ့် ယာဉ် Unity 23 ဟာ ၂၀၂၂ နှစ်လယ်နောက်ပိုင်းမှာ ပျံသန်းဖို့ ရှိပြီး ဒီခရီးမှာ အနုမြေဆွဲအား microgravity ဆိုင်ရာလေ့လာမယ့် အအီတလီလေတပ်ပညာရှင် သုံးဦးကို သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က