လီဗာပူးနည်းပြ ကလော့ပ်က မနေ့ညက ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ နာပိုလီကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်တွေကို တောင်းပန်ခဲ့ပြီး အသင်းပိုင်ရှင်တွေ စိတ်ပြောင်းသွားရင် သူ့ကို ပြောလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ နေပယ်လ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ လီဗာပူးရဲ့ကစားပုံက တော်တော်လေးကို အခြေအနေဆိုးရွားခဲ့ပြီး ခြေပြတ်၊ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။

ပွဲအပြီးမှာ ကလော့ပ်က “လီဗာပူးကနေ နာပိုလီကို လေယာဥ်အကြာကြီး စီးလာခဲ့ရတာပါ။ ဒီညက အရမ်းကို စိတ်ပျက်ဖို့ကောင်းခဲ့ပြီး ဒီအတွက် ကျနော့်အနေနဲ့ ပရိသတ်တွေကို တောင်းပန်စကားဆိုရပါမယ်။ ကျနော်တို့မှာ သေချာပေါက် ပြဿနာတွေရှိခဲ့ပတယ်။ ပထမဆုံးအချက်အနေနဲ့ နာပိုလီက တကယ်ကို ကောင်းမွန်တဲ့ပွဲတပွဲကို ကစားခဲ့ပြီး ကျနော်တို့က တကယ်ဆိုးရွားတဲ့ပုံစံကို ပြသခဲ့ပါတယ်”

“တော်တော်ဆိုးရွားတဲ့ အစပြုမှုဖြစ်ခဲ့ပြီး ပင်နယ်တီတလုံးပေးရတယ်၊ နောက်တလုံးပါ ထပ်ပေးခဲ့ရပါတယ်။ ကစားသမားတွေက ပုံစံကောင်းမပြနိုင်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ သူတို့ ဒီလိုပုံစံမျိုးပြနိုင်အောင် ကျနော် မလုပ်နိုင်လို့ပါ။ ဒါ ကျနော့်ရဲ့တာဝန်ပါ။ တကယ်ကို ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ဒါပေမယ့် ပွဲကိုကြည့်လိုက်တဲ့အချိန်မှာ ခင်ဗျားတို့ကို ရှင်းပြဖို့ ဒီလောက်မခက်ခဲပါဘူး”
“ရာထူးအတွက်တော့ စိတ်မပူပါဘူး။ ဒါပေမယ့် ဘယ်သူကကြိုသိနိုင်မှာလဲ။ အသင်းပိုင်ရှင်ချင်းက မတူညီကြဘူးလေ။ ကျနော်တို့ရဲ့ပိုင်ရှင်တွေက အေးအေးဆေးဆေးရှိပြီး ကျနော့်ဆီက ဒီအခြေအနေတွေကို ပြောင်းလဲပစ်ဖို့ အခြေအနေကို မျှော်လင့်ကြမှာပါ။ အခြားသူက လာဖြေရှင်းတာမျိုးမဟုတ်ဘဲနဲ့ပေါ့။ ဒါက သူတို့ရဲ့ အမြဲတမ်းအမြင်ဖြစ်ခဲ့ပါတယ်”
“သူတို့ရဲ့ စိတ်ပြောင်းသွားတဲ့တနေ့ကျရင်တော့ သူတို့ ကျနော့်ကို ရာထူးကထုတ်မယ့်အကြောင်း လာပြောမှာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာလည်း နိုင်ပွဲနှစ်ပွဲသာရရှိထားပြီး အထုတ်ခံလိုက်ရတဲ့ ချဲလ်ဆီးနည်းပြ တူဟယ်လ်ထက် ရလဒ်ပိုင်း ပိုမိုဆိုးရွားနေတာကြောင့် ဒီအတိုင်း ဆက်သွားနေရင် တူဟယ်လ်နောက်ကို ကလော့ပ် လိုက်သွားနိုင်တယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။