• တူဟယ်လ်နောက်ကို အမှီလိုက်နိုင်လောက်တဲ့ ကလော့ပ်နဲ့လီဗာပူးရဲ့အရှက်တကွဲရှုံးပွဲ

လီဗာပူးတို့ ချန်ပီယံလိဂ်အဖွင့်ပွဲမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။

လီဗာပူးကတော့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ နာပိုလီကို အဝေးကွင်းမှာတင် ခြေပြတ်၊ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဝင်နူးနက်ဇ်ကို အရံခုံမှာထားခဲ့တာ၊ မာတစ်ပ်နေရာ၊ ဂျိုးဂိုးမက်ဇ် ဝင်ကစားတာ၊ မီလ်နာ ပါဝင်လာတာကလွဲရင် ဘာမှ အပြောင်းအလဲ ကြီးကြီးမားမား မရှိခဲ့ပါဘူး။ ဒါပေမယ့် မီလ်နာနဲ့ဂျိုးဂိုးမက်ဇ်ကပဲ ဒုက္ခပေးသွားခဲ့ပြီး အခုလို ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတာပါ။

image

အီလီယော့၊ ဖာဘင်ဟို၊ မီလ်နာတို့ရဲ့ ကွင်းလယ်က ဘာလုပ်ရည်ကိုင်ရည်မှမရှိခဲ့သလို တိုက်စစ်ကလည်း အသက်မဲ့ခဲ့ပါတယ်။ နောက်တန်းက ဂိုးမက်ဇ်ကတော့ တော်တော်လေး စိတ်ပျက်စရာကောင်းခဲ့ပြီး ပထမပိုင်းအပြီးမှာတင် လူစားလဲပစ်ရတဲ့အထိဖြစ်သွားပါတယ်။ ပွဲကစားချိန်အစောပိုင်းတည်းက မီလ်နာရဲ့လက်ထိဘောကြောင့် ပင်နယ်တီပေးခဲ့ရပြီး ဂိုးပေးခဲ့ရပါတယ်။

image

ပင်နယ်တီနောက်တလုံးထပ်ပေးခဲ့ရပေမယ့် အိုဆီမီဟန်မဝင်ခဲ့တာကြောင့် လီဗာပူးတို့ အရှက်ကွဲသက်သာခဲ့တယ်ပြောရမှာပါ။ ဒါပေမယ့်လည်း ဂိုးတွေထပ်ပေးလိုက်ရတာကတော့ အပြောင်းအလဲမရှိခဲ့ပါဘူး။ နာပိုလီတိုက်စစ်က လီဗာပူးနောက်တန်းကို လုပ်ချင်တိုင်းလုပ်သွားပြီး အန်ဂစ်ဆာက ဒုတိယဂိုးထပ်သွင်းခဲ့ပါတယ်။

အိုဆီမီဟန်နေရာ လူစားဝင်လာတဲ့ ဆီမြွန်နီရဲ့သား ဂျီယိုဗန်နီဆီမြွန်နီကလည်း ပထမပိုင်းမပြီးခင်မှာတင် နောက်တဂိုးထပ်သွင်းပြီး လီဗာပူးတို့ ပထမပိုင်းမှာတင် သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။ လီဗာပူးရဲ့ ဂိုးအလှူပေးတဲ့ဇာတ်လမ်းက ဒါနဲ့မပြီးသေးဘဲ ဒုတိယပိုင်းစတဲ့အထိကို အခန်းဆက်ခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ လီဗာပူးနောက်တန်း ဟာကွက်ကြီးက ကြီးမားလွန်းပါတယ်။

ဒီဂိုးကိုလည်း အဖွင့်ဂိုးရှင် ဇီလင်စကီးကပဲ ထပ်ဆင့်ပိတ်သွင်းယူသွားခဲ့ပါတယ်။ လီဗာပူးအတွက် ချေပဂိုးတဂိုးကိုတော့ တောင်ပံကစားသမား ဒီယက်ဇ်က ဧရိယာထိပ်ကနေ ကန်သွင်းယူပြီး ရယူပေးခဲ့ပါတယ်။ လီဗာပူးက ဒုတိယပိုင်းမှာ မာတစ်ပ်၊ သီယာဂို၊ ဂျိုတာ၊ ဒါဝင်နူးနက်ဇ်တို့ကို ထည့်သွင်းကစားခဲ့ပေမယ့် နောက်ထပ်ဂိုးတွေ ထပ်မရတော့ဘဲ ၄-၁ ဂိုးနဲ့ အရှက်ရဖွယ် အရေးနိမ့်ခဲ့ပါတယ်။

အခြားသောပွဲစဥ်တွေမှာတော့ ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ အင်တာမီလန်ကို နှစ်ဂိုးပြတ်၊ ဘာစီလိုနာက အိမ်ကွင်းမှာ လီဝန်ဒေါစကီးရဲ့ ဟက်ထရစ်နဲ့အတူ ဗစ်တိုးရီးယားပလာဇန်ကို ၅-၁ ဂိုး၊ အက်သလက်တီကိုက ပေါ်တိုကို ၂-၁ ဂိုး၊ ကလပ်ဘရုဂေးက လေဗာကူဆင်ကို ၁-၀ ဂိုး၊ စပါးက အိမ်ကွင်းမှာ ရစ်ချာလီဆန်ရဲ့သွင်းဂိုးနှစ်ဂိုးနဲ့အတူ မာဆေးလ်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က