လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးက အသင်းသစ်မှာ ဘိုင်ယန်မြူးနစ်က ဘာစီလိုနာကို ခြေပြတ်ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲအကြောင်းကို မပြောရသေးဘူးလို့ ဖွင့်ဟလာပါတယ်။ လီဝန်ဒေါစကီးအတွက် ဘာစီလိုနာက ယူရိုသန်း (၅၀) အသုံးပြုခေါ်ယူခဲ့ရပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ဘာစီလိုနာတို့ဟာ (၂၀၁၉-၂၀) ခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး အဲ့ဒီပွဲမှာ ဘိုင်ယန်မြူးနစ်က ဘာစီလိုနာကို ၈-၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ ကိုဗစ်ကာလပွဲတွေ ရွှေ့ဆိုင်းခဲ့ရတဲ့ အချိန်နောက်ပိုင်းမှာ ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်အဆင့်ပွဲစဥ်တွေကို ကြားကွင်းမှာသာ ကစားခဲ့ရတာလည်းဖြစ်ပါတယ်။
အဲ့ဒီပွဲမှာ ဘိုင်ယန်မြူးနစ်က ဘာစီလိုနာကို ၈-၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာအတွက်တော့ (၁၉၄၆) နောက်ပိုင်း တပွဲတည်း (၈) ဂိုးအသွင်းခံရတဲ့ ပထမဆုံးပွဲဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိအချိန်ထိလည်း ဒီပွဲရလဒ်က ဘာစီလိုနာပရိသတ်တွေအတွက် နာကျင်စရာဖြစ်နေပြီး ပြိုင်ဘက်တွေက အခွင့်ကြုံတိုင်း ဘာစီလိုနာကို လှောင်ပြောင်နေဆဲပါ။
အဲ့ဒီအချိန်က လက်ရှိဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အတွက် ကစားပေးနေပြီး ဘိုင်ယန်မြူးနစ်ရရှိခဲ့တဲ့ (၈) ဂိုးမှာလည်း လီဝန်ဒေါစကီးက တဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီပွဲနဲ့ ပတ်သက်လို့ အခုချိန်မှာ ဘာစီလိုနာတိုက်စစ်မှူးဖြစ်နေတဲ့ လီဝန်ဒေါစကီးက “ကျနော် အခုဘာစီလိုနာကိုရောက်တဲ့အချိန်မှာ ဒီအကြောင်းကို ပြန်မပြောဖြစ်ပါဘူး (ရယ်လျက်)”
“ဒါက အတိတ်တခုဖြစ်ပြီး ကျနော်တို့ အခု လက်ရှိနဲ့ အနာဂတ်ကိုပဲ အတူတကွ ကြည့်ရတော့မှာပါ။ နောက်ပြန်လှည့်မကြည့်တာ ပိုကောင်းပါတယ်။ ဒါကပဲ ကျနော်တို့ရဲ့ စိတ်ကူး၊ ကျနော်တို့ရဲ့ ပစ်မှတ်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။