ဘာစီလိုနာ နောက်ခံလူ လန်းဂ်လတ်က ဘိုင်ယန်မြူးနစ်ကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲအပြီးမှာ ပြိုင်ဘက် တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ ပြုံးပြုံးရွှင်ရွှင်ရှိခဲ့တဲ့အပေါ် ပရိသတ်တွေကို တောင်းပန်စကားပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ အဲ့ဒီပွဲအရှုံးကြောင့် ယူရိုပါလိဂ်ကို သွားရောက်ကစားရတော့မှာပါ။

ဒီပွဲမှာ လန်းဂ်လတ်က မူလာရဲ့ဂိုးအတွက် တာဝန်ရှိတဲ့ ကစားသမားတွေထဲက တယောက်အဖြစ် ပရိသတ်တွေက ယူဆနေပါတယ်။ အဲ့ဒါတောင်မှ ပွဲအပြီးမှာ အခုလိုမျိုး ပြိုင်ဘက်ကစားသမားနဲ့ ရယ်မောနေတဲ့အပေါ် ဘာစီလိုနာပရိသတ်တွေက အကြီးအကျယ်ပေါက်ကွဲခဲ့ကြတာဖြစ်ပါတယ်။

ပရိသတ်အချို့က လန်းဂ်လတ်ကို စာချုပ်ဖျက်သိမ်းဖို့တောင် တောင်းဆိုခဲ့ကြပြီး လန်းဂ်လတ်ကတော့ အဲ့ဒီညက ကိစ္စအတွက် အခုလိုပဲဖြေရှင်းလာပါတယ်။ လန်းဂ်လတ်က “ဘာစီလိုနာပရိသတ်တွေအားလုံးကို ကျနော်ပြောချင်တာရှိပါတယ္။ ပထမဆုံးအနေနဲ့ မနေ့ကပွဲရလဒ်ကြောင့် ကျနော် ဝမ်းနည်းရပါတယ်”
“ဒီအသင်းက အကြီးကျယ်အခမ်းနားဆုံးဆိုတဲ့အရာတွေနဲ့ပဲ ထိုက်တန်ပြီး ကျနော်တို့ ဒါတွေကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ ဒုတိယတခုဖြေရှင်းချင်တာက ကျနော် လီဝန်ဒေါစကီးနဲ့အတူတူ ပြုံးရယ်နေတဲ့ ဓာတ်ပုံအကြောင်းပါ။ ဒီပုံက အခိုက်အတန့်လေးတခုမှာပဲ ဖြစ်သွားခဲ့တဲ့ ဓာတ်ပုံပါ”
“အသင်းရလဒ်အတွက် ကျနော့်ရဲ့ခံစားချက်ကို ဒီရလဒ်က ကိုယ်စားမပြုပါဘူး။ ဒီအသင်းအတွက် ကျနော့်ရဲ့ ပေးဆပ်မှု၊ ကျနော့်ရဲ့ချစ်ခင်မှု၊ စိတ်အားထက်သန်မှုတွေကို လူတိုင်းသိပါတယ်။ အထူးသဖြင့် ဘာစီလိုနာပရိသတ်တွေပေါ့။ မနေ့ကလောက် နာကျင်ရတဲ့ ခံစားမှုမျိုးကို ကျနော် ဘယ်တုန်းကမှ မခံစားဖူးပါဘူး”
“အခုထိလည်း ကျနော်တို့ အရမ်းဝမ်းနည်းနေပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာ ရည်မှန်းချက်ရှိပါတယ်။ ဘာစီလိုနာကို သူနဲ့ ထိုက်တန်တဲ့နေရာကို အရောက်ပို့ပေးနိုင်ဖို့ပါ” လို့ အင်စတာဂရမ်ကတဆင့် ဖြေရှင်းသွားခဲ့ပါတယ်။