ဒီနေ့ညနေမှာတော့ ဆူဇူကီးဖလား အုပ်စု (က) ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ် တစ်ပွဲဖြစ်တဲ့ အိမ်ရှင်မလေးရှားအသင်း နဲ့ မြန်မာအသင်းတို့ရဲ့ ပွဲစဉ်ကို ကွာလာလမ်ပူက ပရိသတ်ရှစ်သောင်းကျော် ဝင်ဆန့်တဲ့ ဘူကစ်ဂျာလီကွင်းကြီးထဲမှာ ကစားကြတော့မှာ ဖြစ်ပါတယ်။ မလေးရှားအသင်းဟာ အနိုင်ရဖို့အတွက် မဖြစ်မနေ လိုအပ်နေပြီး မြန်မာအသင်းကတော့ သရေတစ်မှတ်ရရုံနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီပွဲစဉ်အတွက် အရေးပါတဲ့ အချက်အလက်တွေဖြစ်တဲ့ အသင်းတစ်သင်းချင်းစီရဲ့ အားသာချက်၊ အားနည်းချက် နဲ့ စောင့်ကြည့်ရမယ့် ကစားသမား အစရှိတာတွေကို ဖော်ပြပေးချင်ပါတယ်။ ဒေသတွင်းရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်တာမို့လည်း အာဆီယံဒေသတွင်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကလည်း အမြင့်ဆုံးအဆင့်ကို ရောက်ရှိလို့ နေခဲ့ပါတယ်။
မလေးရှား
Photo : Malaysia FA
အားသာချက် - မလေးရှားအသင်းက အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် စိတ်ဓာတ်ပိုင်း တက်ကြွနေမှာပါ။ ဘူကစ်ဂျာလီကွင်းကြီးကို အနည်းဆုံး မလေးရှားပရိသတ် (၄)သောင်းခန့် လာရောက်အားပေးမယ်လို့ မျှော်လင့်ရပြီး လက်ရှိအနေအထား အရတော့ လက်မှတ်စောင်ရေဟာ ကွင်းထက်ဝက်မက ရောင်းချပြီးဖြစ်တယ်လို့ သိရပါတယ်။
ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ မလေးရှား အသင်း အိမ်ကွင်းမှာ ကစားရမှာက အဓိကအားသာချက်အဖြစ် ရှိနေခဲ့ပါတယ်။ မလေးရှားအသင်းဟာ အိမ်ကွင်းမှာဆိုရင် ပရိသတ်အားနဲ့ ပြိုင်ဘက်တွေကို ဖိအားပေးကစားပြီး အနိုင်ယူတတ်တဲ့ အသင်းလည်း ဖြစ်ပါတယ်။
မလေးရှားပရိသတ်ထောင်ပေါင်းများစွာဟာ အသင်းကို မရပ်မနား အော်ဟစ်အားပေးနေခဲ့ကြပြီး စည်းချက်ညီညီနဲ့ သံပြိုင်သီဆိုအားပေးမှုတို့ကြောင့် ဒေသတွင်းမှာ နာမည်ကြီးတဲ့ ပရိသတ်တွေလည်း ဖြစ်ပါတယ်။
အားနည်းချက် - မြန်မာကို မဖြစ်မနေ အနိုင်ယူဖို့အတွက် ဖိအားတွေ ရှိနေတာက မလေးရှားရဲ့ အားနည်းချက်ပါ။ ဒီဖိအားတွေကပဲ မလေးရှားကို အမှားအယွင်းတွေ ကျူးလွန်မိစေပြီးတော့ ပြိုင်ပွဲကနေ ထွက်ခွာရစေဖို့ ရှိနေပါတယ်။
မလေးရှားအသင်းရဲ့ ခံစစ်ပိုင်းဟာ ဒီနှစ် ဆူဇူကီး ဖလားပြိုင်ပွဲမှာ တည်ငြိမ်မှုကင်းမဲ့နေပြီး နောက်တန်းကစားသမားတွေကြားမှာလည်း နားလည်မှုတွေက လိုအပ်နေတာကို ဗီယက်နမ်နဲ့ပွဲမှာ တွေ့မြင်ခဲ့ရပါတယ်။
ဗီယက်နမ်က ဒီအခွင့်အရေးကို အသုံးချပြီးတော့ ဂိုးရအောင် သွင်းယူခဲ့ပြီး မလေးရှားကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီအချက်ကို မပြင်နိုင်ဘူးဆိုရင်တော့ မလေးရှားတို့ မြန်မာကို ဂိုးပေးရဦးမှာ ဖြစ်ပြီး ဆီမီးဖိုင်နယ်တက်ဖို့ မျှော်လင့်ချက် ကုန်ဆုံးသွားဖွယ် ရှိပါတယ်။
စောင့်ကြည့်ရမယ့် ကစားသမား - နော်ရှာဟူလ်အိုင်ဒီယန်တယ်လာဟ
Photo : Goal.com
မလေးရှားရဲ့ အဓိက ကစားသမားပါ။ အသက် (၃၂)နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့ အတွေ့အကြုံတွေနဲ့ မလေးရှားအသင်းကို ဦးဆောင်ကစားနေတာဖြစ်ပြီး ဒီပြိုင်ပွဲမှာလည်း (၃)ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ သူ့ရဲ့ သွင်းဂိုးကြောင့် မလေးရှားအသင်းရဲ့ ဆီမီးဖိုင်နယ် တက်ရောက်ရေး မျှော်လင့်ချက်တွေက ရှင်သန်ခဲ့တာပါ။
မြန်မာနဲ့ပွဲမှာလည်း တယ်လာဟရဲ့ ခြေစွမ်းက အခရာကျနေပြီး သူ ခြေစွမ်းပြနိုင်ရင် ပြနိုင်သလို မလေးရှားတို့ ရလာဒ်ကောင်းဖွယ် ရှိနေပါတယ်။ တယ်လဟာသာ မြန်မာအသင်းရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့မယ်ဆိုရင်တော့ မလေးရှားရဲ့ ဆူဇူကီးခရီးလမ်းက ဘူကစ်ဂျာလီကွင်းကြီးထဲမှာပဲ အဆုံးသတ်ရပါလိမ့်မယ်။
မြန်မာ
Photo: MFF
အားသာချက် - မြန်မာအသင်းက မလေးရှားအသင်းထက် တစ်မှတ်အသာနေရပြီး ဗီယက်နမ်နဲ့ ရမှတ်တူနေပါတယ်။ ဒီတစ်မှတ်ကပဲ ဘူကစ်ဂျာလီကွင်းကို သွားကစားမယ့် မြန်မာအသင်းအတွက် အားတစ်ခုပါပဲ။ မြန်မာအသင်းအနေနဲ့ မလေးရှားကို သရေရလာဒ် အနိမ့်ဆုံး ယူနိုင်ခဲ့မယ်ဆိုရင် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။
ဒီနှစ်ပြိုင်ပွဲမှာ တန်ပြန်တိုက်စစ် ကစားပုံကောင်းမွန်ပြီး ပြိုင်ဘက်အသင်းကို လျင်လျင်မြန်မြန်နဲ့ ထိုးဖောက်ကစားနိုင်တဲ့ မြန်မာအသင်းရဲ့ ကစားပုံက ချီးကျူးစရာပါ။ မြန်မာတိုက်စစ်မှူး အောင်သူကို မလေးရှားအသင်း ခံစစ်က အပိုင် ထိန်းချုပ်ဖို့ ကြိုးစားမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့်လည်း သရေကျတာနဲ့ နောက်တဆင့်တက်မယ်ဆိုတဲ့ အနေအထားက မြန်မာအသင်းအတွက်တော့ အားသာချက်ကြီးအဖြစ် ရှိနေခဲ့ပါတယ်။
အားနည်းချက် - မြန်မာအသင်းရဲ့ အားနည်းချက်ကတော့ ရရှိတဲ့အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်မှုပါ။ လာအို၊ ကမ္ဘောဒီးယားတို့ကို ဂိုးတွေသွင်းနိုင်ခဲ့တယ်ဆိုပေမယ့်လည်း အဆိုပါပွဲတွေမှာလည်း မြန်မာအသင်းဟာ အပိုင်အခွင့်အရေးတွေကို လက်လွှတ်ခဲ့ရမှုတွေ ရှိခဲ့ပါသေးတယ်။
ဗီယက်နမ်နဲ့ပွဲမှာဆိုလည်း မြန်မာအသင်းက ပြိုင်ဘက်ဂိုးပေါက်ကို ကန်သွင်းမှု (၁၁)ကြိမ်အထိ ရှိခဲ့ပေမယ့်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ နောက်တစ်ခုက မလေးရှားရဲ့ အားသာချက်ဖြစ်တဲ့ အိမ်ကွင်းဆိုတဲ့အရာက မြန်မာအသင်းအတွက် အားနည်းချက် ဖြစ်လာတာပါ။ အဝေးကွင်းမှာ ပရိသတ်ဖိအားဒဏ်တွေအောက်မှာ ကစားရမှာမို့ ဒီအချက်ကလည်း မြန်မာအသင်းအတွက် အားနည်းချက်ဖြစ်နေပါတယ်။
စောင့်ကြည့်ရမယ့် ကစားသမား - အောင်သူ
Photo : Zing.vn
အသက် (၂၂)နှစ်အရွယ် မြန်မာတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ထိုင်းပရီးမီးယားလိဂ်ကလပ် ပူးလစ်တယ်ရိုအသင်းမှာ အငှားနဲ့ သွားကစားခဲ့သူပါ။ ဒီနှစ်ပြိုင်ပွဲမှာလည်း မြန်မာအသင်းရဲ့ အဓိကကစားသမားဖြစ်ပြီး လက်ရှိအချိန်ထိ တစ်ဂိုး သွင်းယူပေးထားပါတယ်။
ပူးလစ်တယ်ရိုအတွက် (၁၁)ဂိုး သွင်းယူပေးခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟာ မလေးရှားနောက်တန်းကိုလည်း သေချာပေါက် ဒုက္ခပေးမယ့် ကစားသမားပါ။ မလေးရှားအသင်းအနေနဲ့ အောင်သူကို ခက်ခက်ခဲခဲ ထိန်းချုပ်ရဖွယ် ရှိနေပြီး အောင်သူရဲ့ ပါးနပ်တဲ့ ကစားဟန်၊ လှည့်စားမှု နဲ့ မြန်ဆန်သွက်လက်တဲ့ ကစားပုံတွေက မြန်မာအသင်းတိုက်စစ်ကို အသက်ဝင်စေပါလိမ့်မယ်။
Share