အာဆင်နယ်နည်းပြ အာတီတာက ပရီးမီးယားလိဂ်ပွဲစဥ်အဖြစ် လီဗာပူးအိမ်ကွင်း အန်ဖီးလ်မှာ ရင်ဆိုင်ရတိုင်း အာဆင်နယ်တို့ အနိုင်မရခဲ့တာ (၉) နှစ်ကြာမြင့်နေတဲ့ စံချိန်မှတ်တမ်းဆိုးကို ရပ်တန့်ပြမယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။ အန်ဖီးလ်မှာ အာဆင်နယ်တို့ နောက်ဆုံးနိုင်ခဲ့တဲ့ပွဲက (၂၀၁၂)၊ စက်တင်ဘာ (၉) မှာ ကစားခဲ့တဲ့ ပွဲစဥ်ပါ။

အဲ့ဒီပွဲမှာ အာဆင်နယ်က ပိုဒေါစကီး၊ ကာဇိုလာတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက လက်ရှိနည်းပြ အာတီတာက အာဆင်နယ် ကစားသမားအဖြစ် ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။ ယာဂင်ကလော့ပ် လီဗာပူးကို တာဝန်ယူပြီးနောက်ပိုင်း လီဗာပူးနဲ့အာဆင်နယ် ထိပ်တိုက်တွေ့ခဲ့တဲ့ ပရီးမီးယားလိဂ် (၁၁) ပွဲမှာ အာဆင်နယ်တို့ (၁) ပွဲသာ အနိုင်ရရှိခဲ့တာပါ။

ဒီတစ်ပတ်မှာတော့ လီဗာပူးနဲ့အာဆင်နယ်တို့ အန်ဖီးလ်မှာ ထိပ်တိုက်ရင်ဆိုင်ကြမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ အာတီတာက အခုလိုပဲပြောကြားခဲ့ပါတယ်။ အာတီတာက “အန်ဖီးလ်မှာ ကစားရတာက အမြဲတမ်း စမ်းသပ်မှုတစ်ခုဖြစ်ပြီး ဒီကွင်းကလည်း ကစားရတာ အရမ်းကောင်းတဲ့ ကွင်းတစ်ကွင်းပါ။ လီဗာပူးနဲ့ အန်ဖီးလ်မှာ ရင်ဆိုင်ဖို့ဆိုရင် ကိုယ့်ရဲ့အကောင်းဆုံးပုံစံမှာရှိနေဖို့ လိုအပ်ပါတယ်”
“ကိုယ့်ရဲ့ခြေစွမ်းအဆင့်အတန်းကို စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ၊ နည်းဗျူဟာရော၊ နည်းစနစ်ပိုင်းဆိုင်ရာအရပါ အမြင့်ဆုံး အဆင့်အတန်းတစ်ခုကို မြှင့်တင်ရမှာပါ။ အဲ့ဒီလိုမှမဟုတ်ရင်တော့ ခင်ဗျားတို့ ဒုက္ခရောက်ပြီပဲ”
“အရင်ဆုံး ခင်ဗျား လီဗာပူးကို သူတို့ကွင်းမှာ အနိုင်ယူနိုင်မယ်ဆိုတာကို ယုံကြည်ထားရပါမယ်။ တကယ်လို့ အာဆင်နယ်ကစားသမားတစ်ယောက်ယောက်က အဲ့ဒီလိုစိတ်မျိုးမရှိဘူးဆိုရင်တော့ အာဆင်နယ်ဂျာစီကို ဝတ်ပြီး လီဗာပူးနဲ့ လာကန်စရာမလိုပါဘူး။ နောက်ပြီး တစ်ဦးချင်းစီအလိုက် အကောင်းဆုံးဖြစ်နေဖို့ လိုအပ်ပါတယ်”
“အဲ့ဒီနောက် မှန်ကန်တဲ့အခိုက်အတန့်တွေမှာ သူတို့ကို ကောင်းကောင်းထိုးနှက်ရမှာပါ။ လီဗာပူးနဲ့ ရင်ဆိုင်တဲ့အခါမှာ ဒါက အသင်းလိုက်အနေနဲ့ သေချာပေါက်ပြုလုပ်ရမယ်ဆိုတာ ပြတ်သားရှင်းလင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။