အာဆင်နယ်ကစားသမားဟောင်း တစ်ယောက်လည်းဖြစ်၊ ဘောလုံးရုပ်သံဝေဖန်သုံးသပ်သူ တစ်ယောက်အဖြစ်လည်း ဆောင်ရွက်နေတဲ့ ပေါလ်မာဆင်ကတော့ ချဲလ်ဆီးရဲ့ ဒီနွေရာသီ ကစားသမား ရောင်းချမှုကိစ္စရပ်တွေအပေါ် ဝေဖန်ပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ချဲလ်ဆီးက ငွေကြေးအလုံးအရင်း အသုံးပြုခဲ့တဲ့အသင်းပါ။

ဒီနွေရာသီမှာတော့ ချဲလ်ဆီးတို့ မလိုအပ်တဲ့ ကစားသမားတွေကို ပြန်လည်ရောင်းချနေပြီး ဟာဗက်ဇ်ကို အာဆင်နယ်၊ မေဆင်မောင့်ကို ယူနိုက်တက်တို့ထံ ရောင်းချခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် အသင်းမှာရှိတဲ့ ကစားသမားအချို့ကိုလည်း ဆက်လက် ရောင်းချသွားဖို့ စီစဥ်ထားပြီး ပေါလ်မာဆင်ကတော့ ဟာဗက်ဇ်၊ မေဆင်မောင့်တို့ကို ပရီးမီးယားလိဂ်ပြိုင်ဘက်တွေထံ ရောင်းချခဲ့တဲ့အပေါ် ဝေဖန်လာခဲ့တာပါ။။

ပေါလ်မာဆင်က “အရိုးသားဆုံးပြောရရင် မေဆင်မောင့်၊ ကိုင်ဟာဗက်ဇ်တို့ကို ရောင်းချတာက ချဲလ်ဆီးတို့ လုပ်သင့်တဲ့ကိစ္စမဟုတ်ပါဘူး။ ကျွန်တော် ဒါကို နားမလည်နိုင်ပါဘူး။ ချဲလ်ဆီးက ပိုက်ဆံလိုနေလို့ဆိုရင်လည်း ဒါကို နားလည်ပေးကောင်း နားလည်ပေးနိုင်မှာပါ။ ဒါပေမယ့်လည်း ထိပ်သီးလေးသင်းဝင်ခွင့်နဲ့လဲပြီး ပိုက်ဆံရှာစရာတော့ မရှိပါဘူး။ အဲ့ဒီနေရာက အသင်းအတွက် ပိုက်ဆံပိုရတဲ့နေရာပါ”
“ယူနိုက်တက်နဲ့ အာဆင်နယ်တို့က လာမယ့်ရာသီမှာ ချဲလ်ဆီးနဲ့ အပြိုင် ထိပ်ဆုံး (၄) နေရာကို လုမယ့်အသင်းတွေပါ။ ဒီတော့ ကိုယ့်အသင်းက အကောင်းဆုံး ကစားသမားနှစ်ယောက်ကို ပြိုင်ဘက်တွေဆီ ရောင်းချပြီး ဘာလို့များ ကိုယ့်ကိုယ်ကိုယ် အားနည်းသွားအောင်လုပ်ရတာလဲ” လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။
ဟာဗက်ဇ်၊ မေဆင်မောင့်တို့နှစ်ယောက်စီအတွက် ချဲလ်ဆီးတို့ ပြောင်းရွှေ့ကြေး ပေါင် (၆၅) သန်းဝန်းကျင် ရရှိမှာ ဖြစ်ပါတယ်။ အသင်းဟာ လက်ရှိပိုင်ရှင် တော့ဒ်ဘိုလေလက်ထက်မှာ အပြောင်းအရွှေ့ရာသီရောက်တိုင်း ငွေကြေး အလုံးအရင်း သုံးစွဲခဲ့တာကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးစည်းမျဥ်းတွေနဲ့ ငြိစွန်းနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ထားပါတယ်။