ကျင်းပလျက်ရှိတဲ့ ဆူဇူကီးဖလား ပြိုင်ပွဲရဲ့ အုပ်စုပွဲစဥ်တွေအပြီး စွမ်းဆောင်ရည်တွေကို တွက်ချက်လိုက်ရာမှာတော့ မြန်မာအောက်မှာ လာအိုနဲ့တီမောတို့နှစ်သင်းတည်းသာ ကျန်ရှိတော့တယ်လို့ သိရှိရပါတယ်။ မြန်မာဟာ ထိုင်း၊ စင်ကာပူ၊ တီမော၊ ဖိလစ်ပိုင်တို့နဲ့ တအုပ်စုတည်းကျရောက်ခဲ့ပြီး အုပ်စုအဆင့်ကပဲ လှည့်ပြန်ခဲ့ရပါပြီ။
မြန်မာအနေနဲ့ ဒီပြိုင်ပွဲမှာ အောင်မြင်မှုမရနိုင်ဘူးဆိုတာ ပရိသတ်တွေအားလုံး ခန့်မှန်းထားပြီးဖြစ်ပြီး ကွင်းအတွင်း အားပေးတဲ့ပရိသတ်မရှိသလို တကယ်တမ်း ကစားချိန်မှာလည်း အုပ်စုနောက်ဆုံးပွဲအဖြစ် ဖိလစ်ပိုင်နဲ့ မတွေ့ခင်တည်းက အုပ်စုကပြုတ်နှင့်ပြီးဖြစ်ခဲ့ပါတယ်။ အုပ်စုအဖွင့်ပွဲမှာ စင်ကာပူနဲ့တွေ့ဆုံခဲ့ကာ သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး တီမောကိုတော့ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒေသတွင်းမှာ အဓိကပြိုင်ဘက်လို့အချို့ကဆိုကြပေမယ့် တကယ်တမ်းမှာတော့ ဘောလုံးအဆင့်အတန်းက မိုးနဲ့မြေလို အများကြီး ကွာဟသွားပြီဖြစ်တဲ့ ထိုင်းကိုလည်း ခြေပြတ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတဲ့နောက် အုပ်စုကထွက်ဖို့ သေချာသွားခဲ့တာပါ။ နောက်ဆုံးပွဲအဖြစ် ဖိလစ်ပိုင်နဲ့ပွဲမှာလည်း ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဒီအသင်းက အုပ်စုမှာ တပွဲသာနိုင်ပြီး ရမှတ် (၃) မှတ်နဲ့ ပြိုင်ပွဲကထွက်ခဲ့ရတာဖြစ်ပါတယ်။
ဆူဇူကီးဆီမီးဖိုင်နယ်အဆင့်ကိုတော့ ထိုင်းနဲ့စင်ကာပူ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့ တက်ရောက်သွားခဲ့ကြပါတယ်။ လက်ရှိထုတ်ပြန်မှုတွေအရ မြန်မာအောက်မှာရှိတဲ့ လာအိုရော၊ တီမောရောနှစ်သင်းလုံးက အုပ်စုအဆင့်မှာ တမှတ်မှမရခဲ့ဘဲ ဂိုးကွာခြားချက် (-၁၃) ချင်း တူညီခဲ့ပေမယ့် လာအိုက ရဂိုးတဂိုးကြောင့် အဆင့် (၉) နေရာမှာရှိခဲ့ပါတယ်။
အရင်တုန်းက မြန်မာတို့နိုင်နေကျ ကမ္ဘောဒီးယားနဲ့ဖိလစ်ပိုင်တို့က အခုချိန်မှာ မြန်မာကို ကျော်တက်သွားခဲ့ပြီဖြစ်ပြီး ထိုင်းကတော့ အုပ်စုတွင်းမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အုပ်စုအဆင့်မှာ စွမ်းဆောင်ရည်အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။