ပီအက်စ်ဂျီတိုက်စစ်ကစားသမား နေမာကတော့ မနေ့ညက မက္ကာဘီဟိုင်ဖာကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂိုးသွင်းအပြီး အောင်ပွဲခံတဲ့ အမူအရာအတွက် အဝါကတ်ပြသခံရတဲ့အပေါ် မကျေမနပ်ဖြစ်နေပါတယ်။ ဒီပွဲမှာ အိမ်ရှင် မက္ကာဘီဟိုင်ဖာက ဦးဆောင်ဂိုး အရင်သွင်းနိုင်ခဲ့ပေမယ့် မက်ဆီ၊ အမ်ဘာပေ၊ နေမာတို့ရဲ့ ဂိုးတွေကြောင့် ဧည့်သည်တို့ကပဲ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲရဲ့ ပွဲသိမ်းဂိုးကို နေမာက သွင်းယူခဲ့တာဖြစ်ပြီး ဂိုးသွင်းပြီးတဲ့နောက်မှာတော့ လျှာထုတ်ပြောင်ပြတဲ့ပုံစံမျိုးနဲ့ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ဒီအောင်ပွဲခံဟန်ကို ကွင်းလယ်ဒိုင်က မလျော်ကန်တဲ့ အမူအရာလို့ သတ်မှတ်ပြီး နေမာကို အဝါကတ်ပြသခဲ့တာပါ။ နေမာနဲ့ အသင်းဖော်တွေကလည်း ဒီအဝါကတ်နဲ့ ပတ်သက်လို့ ကွင်းလယ်ဒိုင် ဒန်နီယဲယ်ဆိုင်ဘတ်ကို ဝိုင်းဝန်းစောဒကတက်ခဲ့ကြပေမယ့် ဒိုင်လူကြီးကတော့ ဆုံးဖြတ်ချက်မပြောင်းခဲ့ပါဘူး။
နေမာအနေနဲ့ ပြိုင်ဘက်ပရိသတ်တွေကို လှောင်ပြောင်ခဲ့တယ်လို့ ယူဆပြီး ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့တာပါ။ ဒါပေမယ့် ဒီအောင်ပွဲခံဟန်ရဲ့ အဓိပ္ပာယ်ကို နေမာက ပြီးခဲ့တဲ့ ဇူလိုင်တည်းက ရှင်းပြခဲ့ပြီးသားဖြစ်ပါတယ်။ နေမာဟာ သူ့အပေါ် လှောင်ပြောင်ဝေဖန်နေကြသူတွေကို တုံ့ပြန်တဲ့အနေနဲ့ အခုလိုမျိုး အောင်ပွဲခံတာဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။
ဒါပေမယ့် ဒိုင်လူကြီးကတော့ နေမာရဲ့ ဒီအင်တာဗျူးကို မကြည့်လိုက်ရပုံပါပဲ။ အဲ့ဒါကြောင့်ပဲ နေမာကို အဝါကတ်ပြခဲ့ပြီး နေမာကတော့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ပွဲအပြီးမှာ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ နေမာက “လုံးဝကို လေးစားမှုမရှိတာပါ။ ဒါမျိုးကမဖြစ်သင့်ပါဘူး။ ကျနော်က ဘာမှမလုပ်ဘဲ အဝါကတ်ထိခဲ့ပါတယ်။ ဒိုင်လူကြီးကို မှားတယ်လို့တောင်ပြောလို့မရပါဘူး။ သူက လေးစားမှုကို လုံးဝမရှိတာပါ”
“ဘောလုံးလောက,က ပျင်းဖို့ပိုပိုကောင်းလာပါပြီ။ နောက်တခါအောင်ပွဲခံပြီးဆိုရင် ကျနော် ဒါမျိုးလုပ်မယ်ဆိုတာကို ဒိုင်လူကြီးတွေကို ကြိုပြောထားပါမယ်” လို့ ပြောကြားခဲ့ပါတယ်။ နေမာဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် အထူးခြေစွမ်းပြနေတဲ့ ကစားသမားဖြစ်ပြီး မနေ့ကသွင်းဂိုးကလည်း သူ့အတွက် ဒီရာသီ ပြိုင်ပွဲစုံမှာ (၁၁) ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပါတယ်။