• ဟာလန်းရဲ့ ရူးလောက်စရာသွင်းဂိုး၊ ပေါ်တာလည်းမကယ်နိုင်သေးတဲ့ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ည

မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီတို့ နိုင်ပွဲကိုယ်စီရရှိခဲ့တာပါ။

ချဲလ်ဆီးကတော့ ဂရေဟမ်ပေါ်တာရဲ့ ပထမဆုံးပွဲဦးထွက်မှာ သရေရလဒ်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက ကစားကွက်၊ ကစားပုံပိုင်း အပြောင်းအလဲတွေရှိခဲ့ပြီး တိုက်စစ်မှာတော့ အူဘာမီးယန်း၊ ဟာဗက်ဇ်၊ စတာလင်တို့ပဲ ပွဲထွက်ခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို စတာလင်က သွင်းယူပေးခဲ့ပေမယ့် အိုကာဖောရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် ချဲလ်ဆီးတို့ သရေတမှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။

image

မန်စီးတီးနဲ့ဒေါ့မွန်ပွဲကတော့ မန်စီးတီးတို့ အသည်းအသန် ရုန်းကန်ခဲ့ရတယ်လို့ ပြောရမှာပါ။ အိမ်ကွင်းမှာ မမျှော်လင့်ဘဲ ဘယ်လင်ဂမ်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုလိုက်ရပြီး နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ စတုန်းစ်ရဲ့ အမှတ်မထင်ကန်ချက် ဂိုးဖြစ်ခဲ့တဲ့အပြင် ကန်ဆယ်လိုရဲ့ ဖန်တီးပေးမှုကနေလည်း ဟာလန်းက အသင်းအတွက် အနိုင်ဂိုးကို လှလှပပသွင်းယူပေးခဲ့ပြီး အိမ်ကွင်းမှာ နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကလည်း အဝေးကွင်းမှာ မက္ကာဘီဟိုင်ဖာရဲ့ ဦးဆောင်ခြင်းကိုခံခဲ့ရပေမယ့် မက်ဆီ၊ အမ်ဘာပေ၊ နေမာတို့ရဲ့ သွင်းဂိုးတွေကြောင့် အုပ်စုမှာ နိုင်ပွဲဆက်ခဲ့ပါတယ်။ နာပိုလီကတော့ အဝေးကွင်းမှာ တယောက်လျော့ ရိန်းဂျားစ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး လီဗာပူးရှိနေတဲ့ အုပ်စုကို ထိပ်ဆုံးကနေ ဦးဆောင်ထားဆဲလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကလည်း အိမ်ကွင်းမှာ လိုက်ပ်ဇစ်ကို ဗယ်လ်ဗာဒီ၊ အဆန်စီယိုတို့ရဲ့ နောက်ကျဂိုးတွေနဲ့ နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ကိုပင်ဟေဂင်နဲ့ ဆီဗီလာတို့ကတော့ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ကတော့ အိမ်ကွင်းမှာ ဘင်ဖီကာကို မီလစ်ခ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးလိုက်ရပြီး ၁-၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ စီးရီးအေရဲ့နာမည်ကြီးကလပ်ကတော့ ဒီရာသီ ကစားပြီးသမျှ ချန်ပီယံလိဂ်နှစ်ပွဲလုံးကို ရှုံးနိမ့်ထားခဲ့တာလည်းဖြစ်ပါတယ်။ 

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဥ်တွေကတော့ ပထမပိုင်းမှာ ပွဲတွေအကုန်လုံး အေးသလိုရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပွဲတိုင်းနီးပါးက စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကလည်း အဆန်စီယိုဂိုးသွင်းနိုင်ခဲ့သလို မန်စီးတီးကလည်း မထင်မှတ်တဲ့ အနေအထားကနေ နောက်ကပြန်အနိုင်ယူခဲ့ရတာပါ။ ချဲလ်ဆီးကတော့ ပေါ်တာလက်ထက်မှာ အသားကျဖို့ အချိန်လိုအပ်မှာဖြစ်ပြီး ဂျူဗင်တပ်စ်ကတော့ နောက်တဆင့်တက်ဖို့အတွက် တော်တော်လေး ရုန်းကန်ရတော့မှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က