PSG တိုက်စစ်ကစားသမား မက်ဆီက ချန်ပီယံလိဂ်ပြိုင်ဘက်တွေထဲမှာ လက်ရှိချန်ပီယံ ချဲလ်ဆီးကို သူတို့ရဲ့ အဓိကပြိုင်ဘက်စာရင်းထဲမထည့်ဘဲ PSG ကို ဒုက္ခပေးနိုင်တဲ့ နောက်ထပ် အသင်း (၅) သင်းအကြောင်းကို ဖွင့်ဟလာပါတယ်။ ဒီရာသီမှာ PSG က ချန်ပီယံလိဂ်အုပ်စုမှာ မန်စီးတီး၊ လိုက်ပ်ဇစ်၊ ဘရုဂေးတို့နဲ့ ကျရောက်နေပြီး နောက်တစ်ဆင့်ဖို့ သေချာသလောက်ရှိနေပါပြီ။

ဒီလိုအခြေအနေမျိုးမှာ မက်ဆီက လာမယ့်အဆင့်တွေမှာ သူတို့ရဲ့ အဓိကပြိုင်ဘက်ဖြစ်လာနိုင်တဲ့ အသင်းတွေအကြောင်း သုံးသပ်ခဲ့ပါတယ်။ မက်ဆီက “အခုချိန်မှာ လီဗာပူးက အကောင်းဆုံး စွမ်းဆောင်ပြနေတာပါ။ သူတို့က ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်”

“အဲ့ဒီနောက် မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲယ်မက်ဒရစ်နဲ့ အက်သလက်တီကိုတို့ပေါ့။ ချန်ပီယံလိဂ်မှာ တိုက်ပွဲဝင်နိုင်တဲ့အသင်းတွေ အများကြီးရှိပါတယ်။ ဒီပြိုင်ပွဲက နောက်ပိုင်းနှစ်တွေမှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်လာခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်တဲ့အသင်းတွေ များပြားလာလို့လေ” လို့ ပြောကြားသွားခဲ့ပါတယ်။
ရီးရဲယ်မက်ဒရစ်နဲ့ ပတ်သက်လို့လည်း မက်ဆီက “ရီးရဲယ်မက်ဒရစ်က အမြဲတမ်း ပြိုင်ဆိုင်နိုင်စွမ်းရှိတဲ့ အသင်းတစ်သင်းပါ။ အက်သလက်တီကိုလည်း အတူတူပါပဲ။ သူတို့ ဒီနှစ်လည်း ချန်ပီယံလိဂ်ဖလားအတွက် တိုက်ပွဲဝင်ကြဦးမှာပါ။ နှစ်ကျော့ကစားရတဲ့ပွဲတွေမှာ သူတို့က ရင်ဆိုင်ရ အရမ်းခက်ခဲတဲ့ပြိုင်ဘက်တွေပါ”
“တသင်းအကြောင်းလည်း တသင်းကောင်းကောင်းသိပြီး ချန်ပီယံလိဂ်မှာ ဘယ်လိုကစားရမလဲဆိုတာကို ကောင်းကောင်းသိပါတယ်။ အဲ့ဒါကြောင့်လည်း သူတို့က ရေပန်းစားနေတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့အတွက် အသင်းတွေကို ခန့်မှန်းရတာ စောသေးတယ်ဆိုပေမယ့် လတ်တလော အနေအထားအရ လီဗာပူးနဲ့ဘိုင်ယန်မြူးနစ်တို့က အမြင့်မားဆုံး စွမ်းဆောင်ရည်တွေကို ပြသထားတာပါ။
ချန်ပီယံလိဂ်အတွက် မက်ဆီက ပြိုင်ဘက်လို့ သတ်မှတ်ခဲ့တဲ့အထဲမှာ လက်ရှိချန်ပီယံချဲလ်ဆီး မပါဝင်ခဲ့တဲ့အပြင် ရော်နယ်ဒိုရဲ့ ယူနိုက်တက်နဲ့ သူ့အသင်းဟောင်း ဘာစီလိုနာလည်း ပါဝင်ခဲ့ခြင်းမရှိပါဘူး။