• အင်ဒိုနီးရှားက အမှိုက်အပြည့်နဲ့ကုန်သေတ္တာ ၂၅၀ ခန့်ကို မူလနိုင်ငံများသို့ ပြန်ပို့

နောက်ထပ် ကုန်သေတ္တာ အလုံးရေ ၁,၀၀၀ ကျော်ကို စစ်ဆေးနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အမှိုက်များအပြည့်ပါဝင်ပြီး အရေအတွက် ရာနဲ့ချီတဲ့ ကုန်သေတ္တာတွေကို မူလနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အကောက်ခွန်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

image

(Photo: AFP)

နိုင်ငံရပ်ခြားမှ အမှိုက်များစုပုံရာ နေရာဖြစ်လာမှုကို အင်ဒိုနီးရှားက တုံ့ပြန်ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ လတ်တလော လပိုင်းအတွင်း အင်ဒိုနီးရှားမှာ သိမ်းဆည်းခဲ့တဲ့ အမှိုက်ကုန်သေတ္တာ အလုံးရေ ၂၅၀ ခန့်ကို မူလတင်ပို့လိုက်တဲ့ နိုင်ငံများသို့ ပြန်ပို့ခဲ့ပြီးဖြစ်ကြောင်းနဲ့ အခြား ကုန်သေတ္တာ အလုံးရေ ၁,၀၀၀ ကျော်ကို စစ်ဆေးနေကြောင်း အကောက်ခွန်ဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သိမ်းဆည်းခဲ့တဲ့ ကုန်သေတ္တာတွေအနက် အမှိုက်တွေအပြည့်နဲ့ ကုန်သေတ္တာ ၅၉ လုံးကို စင်ကာပူနိုင်ငံအနီး Batam ကျွန်းမှာ တွေ့ရှိခဲ့ရပြီး အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ ဟောင်ကောင်နဲ့ သြစတြေးလျသို့ ပြန်ပို့ခဲ့ကြောင်း အင်ဒိုနီးရှား အကောက်ခွန်ဌာန ပြောခွင့်ရပုဂ္ဂိုလ် Deni Surjantoro က ဆိုပါတယ်။

(Photo: AFP/Getty Images)

အဆိုပါ ကုန်သေတ္တာများထဲမှာ အမှိုက်၊ ပလပ်စတစ် စွန့်ပစ်ပစ္စည်းနဲ့ အန္တရာယ်ရှိစေတဲ့ ပစ္စည်းတွေပါဝင်နေပြီး သွင်းကုန်ဥပဒေစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့သိရပါတယ်။ "သွင်းကုန်တွေဟာ အဆိပ်သင့်စေတဲ့ ဒါမှမဟုတ် အန္တရာယ်ရှိစေတဲ့ ပစ္စည်းတွေ မဖြစ်ရပါဘူး" လို့ ၎င်းက ပြောပါတယ်။

အလားတူ အင်ဒိုနီးရှားရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာကနေလည်း အမှိုက်တွေပါဝင်တဲ့ ကုန်သေတ္တာ ၂၀၀ နီးပါးကို အမေရိကန်၊ ဗြိတိန်နဲ့ ဂျာမနီနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အကောက်ခွန်ဌာန စာရင်းတွေအရ သိရှိရပါတယ်။ ထိုအတောအတွင်း ဂျကာတာမြို့အနီး အာဏာပိုင်တွေကလည်း အမှိုက်များပါတဲ့ ကုန်သေတ္တာ အလုံးရေ ၁၅၀ ကို မူလတင်ပို့လိုက်တဲ့ နိုင်ငံများသို့ ပြန်ပို့ရန်ပြင်ဆင်နေပါတယ်။

(Photo: AFP)

ဒါ့အပြင် တင်သွင်းခွင့်တားမြစ်ထားတဲ့ ပစ္စည်းများပါဝင်နေနိုင်တဲ့ ကုန်သေတ္တာ ၁,၀၀၀ ကျော်ကိုလည်း စစ်ဆေးနေကြောင်း အကောက်ခွန်ဌာန ပြောခွင့်ရပုဂ္ဂိုလ် Surjantoro က ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားအစိုးရက နိုင်ငံအတွင်းသို့ အမှိုက်များတင်ပို့နေမှု မြင့်တက်လာခြင်းကို တုံ့ပြန်ဆောင်ရွက်နေပြီး နိုင်ငံခြားမှအမှိုက်တွေကို ရောက်ရှိလာမှုကို ပိုမိုတင်းကျပ်စွာ စောင့်ကြည့်စစ်ဆေးနေကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

ကမ္ဘာတစ်ဝှမ်းမှ နှစ်စဉ် အမှိုက်တန်ချိန် သန်း ၃၀၀ နီးပါး ထွက်ရှိနေပြီး ထိုပမာဏအနက်မှ ထက်ဝက်ဟာ တစ်ခါသုံးပစ္စည်းတွေ ဖြစ်တယ်လို့သိရပါတယ်။ ပင်လယ်သမုဒ္ဒရာထဲသို့ နှစ်စဉ် ပလတ်စတစ်အမှိုက် တန်ချိန် ၈ သန်းကို စွန့်ပစ်နေကြကြောင်းလည်း သိရပါတယ်။ ထိုပလတ်စတစ်အမှိုက်တွေထဲမှ ရာခိုင်နှုန်းအနည်းငယ်မျှကသာ ပြန်လည်သုံးစွဲနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

Share

Loading Next Article...
က္က