ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ပွဲတွေမှာ နိုင်ပွဲပျောက်ခဲ့တဲ့ အာဆင်နယ်တို့ ဒီပွဲကို အနိုင်ရဖို့ သေချာပြင်ဆင်လာခဲ့ပါတယ်။ နောက်တန်းမှာ တာဗာရက်စ်ပါဝင်လာခဲ့သလို တိုက်စစ်မှာလည်း အူဘာမီးယန်း၊ လာကာဇက်၊ စမစ်ရိုဝီ၊ ဆာကာတို့ ပွဲထွက်လာခဲ့ပါတယ်။

ဗီလာကလည်း မာတီနက်ဇ်၊ တိုင်ရွန်မင့်စ်၊ ဘွမ်ဒီယာ၊ ဝက်ကင်းစ်၊ ဒန်နီအင့်စ်တို့ကို အဓိကအမာခံထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်အဝေးကွင်း နောက်ဆုံး (၂) ပွဲဆက်တိုက် ယူနိုက်တက်၊ စပါးတို့ကို ကောင်းကောင်းဒုက္ခပေးခဲ့တဲ့ ဗီလာတို့ ဒီပွဲမှာလည်း အာဆင်နယ်ကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပါတယ်။

အာဆင်နယ်က တာဗာရက်စ် အတက်အဆင်းမှန်မှန်နဲ့ လိုက်ကစားနိုင်ခဲ့သလို ဆာကာကလည်း အားကိုးစရာခြေစွမ်းကို ဆက်လက်ပြသခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကတစ်ဆင့် ပါတေးရဲ့ အနီးကပ်ပိတ်သွင်းချက် တိုင်ထိထွက်ခဲ့ပေမယ့် နောက် (၂) မိနစ်အကြာမှာ ထောင့်ကန်ဘောကတစ်ဆင့် ပါတေးကပဲ ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဒါဟာ ပါတေးအတွက် အာဆင်နယ်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးလည်းဖြစ်ခဲ့ပြီး ဒီဂိုးမှာ မာတီနက်ဇ်ရဲ့ အမှားလည်းမကင်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ဆာကာ အပိုင်အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့် မာတီနက်ဇ် ကာကွယ်နိုင်ခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာတော့ VAR ကြောင့် အာဆင်နယ်တို့ ပင်နယ်တီရခဲ့ပါတယ်။ အူဘာမီးယန်းရဲ့ ပင်နယ်တီကို မာတီနက်ဇ် ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ဘောလုံးကို အူဘာမီးယန်းကပဲ ပိတ်သွင်းနိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ ပထမပိုင်းမှာ ၂-၀ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဗီလာရဲ့ပထမပိုင်းကစားပုံက Open Play ကနေ ဂိုးရဖို့ ဘယ်လိုမှမမျှော်လင့်နိုင်ခဲ့ဘဲ ကွင်းလယ်က တိုက်စစ်ကိုလည်းမကူနိုင်၊ ခံစစ်ကိုလည်းမကူနိုင်နဲ့ အခြေအနေဆိုးခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ နောက်တန်းက တွမ်ဇီဘီကိုထုတ်၊ လီယွန်ဘေလီကိုထည့်ပြီး တိုက်စစ်မြှင့်ခဲ့ကာ အာဆင်နယ်ဘက်ကို ခြိမ်းခြောက်မှုအချို့ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် အာဆင်နယ်ကပဲ နောက်ထပ်ဂိုးထပ်ရခဲ့ပါတယ်။ မက်ဂင်းလူပေးမှားတာကတစ်ဆင့် ကောင်တာပေါက်သွားပြီး အူဘာမီးယန်းဖန်တီးပေးတာကို စမစ်ရိုဝီကသွင်းယူခဲ့တာပါ။ နောက်ပိုင်းမှာ အာဆင်နယ်တို့ ပွဲကိုထိန်းကစားဖို့ပဲ ကြိုးစားခဲ့ပြီး (၈၁) မိနစ်မှာ ဂျက်ကော့ဘ်ရမ်ဆေးရဲ့ ချေပဂိုးတစ်ဂိုးကို ခွင့်ပြုခဲ့ရပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ ဒီပွဲအနိုင်ရခဲ့ပေမယ့် လာကာဇက်၊ အူဘာမီးယန်းတို့ ဒဏ်ရာအနည်းငယ်ရခဲ့ပုံပေါ်တာ စိုးရိမ်စရာပါ။ အက်စတွန်ဗီလာကတော့ ယူနိုက်တက်ကို နိုင်ပြီးတည်းက (၃) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး လာမယ့်ပွဲတွေမှာ ရှုံးပွဲတွေကြားက အမြန်ဆုံးရုန်းထွက်နိုင်ဖို့ လိုအပ်နေပါပြီ။