ယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဖာဂူဆန်က သူနဲ့ခေတ်ပြိုင်နည်းပြတစ်ယောက်ဖြစ်တဲ့ အာစင်ဝင်းဂါးနဲ့ပတ်သက်လို့ ချီးကျူးစကားပြောကြားခဲ့ပါတယ်။ အသက် (၇၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာဂူဆန်ဟာ ပြီးခဲ့တဲ့ (၂၀၁၃) မှာ နည်းပြဘဝကနေ အနားယူခဲ့သူပါ။

ဖာဂူဆန်နဲ့အာစင်ဝင်းဂါး၊ ယူနိုက်တက်နဲ့အာဆင်နယ် အားပြိုင်မှုက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပရိသတ်တွေအတွက် စွဲမက်စရာကောင်းခဲ့ပြီး နှစ်သင်းထိပ်တိုက်တွေ့ဆုံတိုင်း အကြိတ်အနယ်ရှိခဲ့ပါတယ်။

ဖာဂူဆန်က ယူနိုက်တက်နည်းပြဘဝမှာ ချန်ပီယံလိဂ်ဖလား (၂) ကြိမ်၊ ပရီးမီးယားလိဂ်ဖလား (၁၃) ကြိမ် အပါအဝင် ဆုဖလားပေါင်းများစွာရရှိခဲ့ပြီး (၁၉၉၉) မှာ ရရှိခဲ့တဲ့ တစ်ရာသီအတွင်း ဆုဖလား (၃) လုံးစံချိန်ကလည်း ပြောစမှတ်တွင်စရာဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဖာဂူဆန်ကိုယ်တိုင်ကတော့ အာစင်ဝင်းဂါးနဲ့ အာဆင်နယ်တို့ ပြီးခဲ့တဲ့ (၂၀၀၃-၀၄) မှာရရှိခဲ့တဲ့ ရှုံးပွဲမရှိအမှတ်ပေးချန်ပီယံဘွဲ့က ဘောလုံးလောကတစ်ခုလုံးရဲ့အထက်မှာ ရပ်တည်နေတယ်လို့ အခုလို ချီးကျူးခဲ့ပါတယ်။
“အဲ့ဒီအချိန်က အာဆင်နယ်ရဲ့ ရှုံးပွဲမရှိချန်ပီယံဘွဲ့က အားလုံးရဲ့အထက်မှာ ရပ်တည်နေဆဲပါ” လို့ “Arsene Wenger – Invincible” ဆိုတဲ့ မှတ်တမ်းရုပ်ရှင်အတွက် (၂) မိနစ်ကြာမြင့်တဲ့ Trailer မှာ ဖာဂူဆန်လည်းပါဝင်ခဲ့ပြီး ချီးကျူးစကားပြောကြားခဲ့တာပါ။ အာစင်ဝင်းဂါးဟာ အာဆင်နယ်ကို (၂၂) နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ (၂၀၁၈) မှာ အသင်းနဲ့ လမ်းခွဲခဲ့ပါတယ်။
အာစင်ဝင်းဂါးဟာ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်ဖလား (၃) ကြိမ်၊ FA ဖလား (၇) ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ဟိုက်ဘူရီကနေ အမ်းမရိတ်စ်ကို အိမ်ကွင်းပြောင်းလာချိန်မှာလည်း အသင်းရဲ့ဘဏ္ဍာရေးကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ဖို့ အဓိကနေရာက လှုပ်ရှားပေးခဲ့သူလည်းဖြစ်ပါတယ်။
ဝင်းဂါးအနေနဲ့ အာဆင်နယ်နဲ့ လမ်းခွဲပြီးနောက်ပိုင်း နည်းပြလောကထဲ ပြန်လည်ဝင်ရောက်လာခြင်းမရှိဘဲ လက်ရှိအချိန်မှာ ဖီဖာရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေး အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။