• Featured

    ပရီးမီးယားလိဂ်ကိုပြန်ရောက်ရောက်ချင်း တစ်လတာအကောင်းဆုံးဆုနှစ်ဆုကို ရော်နယ်ဒိုသိမ်းကျုံးရယူ

ရော်နယ်ဒိုဟာ ယူနိုက်တက်ရဲ့ စက်တင်ဘာတစ်လတာ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာအတွက် ယူနိုက်တက်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တယ်လို့ အသင်းကတရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

image

ရော်နယ်ဒိုဟာ စက်တင်ဘာ (၁၁) မှာ ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ ယူနိုက်တက်အတွက် တစ်ကျော့ပြန် ပွဲထွက်ခဲ့ပြီး အဲ့ဒီပွဲမှာတင် သွင်းဂိုး (၂) ဂိုးသွင်းယူနိုင်ခဲ့တာပါ။ အဲ့ဒီနောက် ယန်းဘွိုင်းစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲ၊ ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့တဲ့ပွဲတွေမှာလည်း ရော်နယ်ဒိုက အသင်းအတွက် တစ်ဂိုးစီသွင်းယူပေးနိုင်ခဲ့ပါတယ်။

image

ရော်နယ်ဒိုဟာ ဗီလာရီးရဲယ်ကိုအနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာလည်း အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို နောက်ဆုံးမိနစ်မှာ သွင်းယူပေးနိုင်ခဲ့သေးတာပါ။ အဲ့ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ စက်တင်ဘာအတွင်း ယူနိုက်တက်အတွက် ကစားပေးခဲ့တဲ့ ပြိုင်ပွဲစုံ (၅) ပွဲမှာ (၅) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ဒီဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီမတိုင်ခင်ကလည်း ရော်နယ်ဒိုက စက်တင်ဘာအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။ ရော်နယ်ဒိုပြန်ရောက်လာပြီးနောက်ပိုင်း ယူနိုက်တက်က ကစားပုံနဲ့ရလဒ်ပိုင်းမတည်ငြိမ်မှုတွေရှိနေပေမယ့် ရော်နယ်ဒိုကတော့ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို ထိန်းသိမ်းထားနိုင်ဆဲလို့ဆိုရမှာပါ။

ယူနိုက်တက် တစ်လတာအကောင်းဆုံးကစားသမားဆုကို ရော်နယ်ဒိုက ဒီနေ့ (ကြာသပတေး) မှာ အသင်းရဲ့လေ့ကျင့်ရေးကွင်း ကာရင်တန်မှာ လက်ခံရယူခဲ့ပြီး “တစ်လတာအကောင်းဆုံးကစားသမားဆုအတွက် ကျွန်တော့်ကိုမဲပေးခဲ့တဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ဗီဒီယိုဖိုင်နဲ့တကွ ပရိသတ်တွေကို ပြောကြားခဲ့ပါသေးတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်မှာ ကစားခဲ့တဲ့ ပေါ်တူဂီရဲ့ပွဲစဥ်တွေမှာလည်း ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့ပါသေးတယ်။ ကာတာနဲ့ပွဲမှာ ရော်နယ်ဒိုက အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သလို လူဇင်ဘတ်နဲ့ပွဲမှာလည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် နိုင်ငံတကာ ကစားသမားဘဝမှာ ဟက်ထရစ် (၁၀) ကြိမ်နဲ့ ဟက်ထရစ်အများဆုံးသွင်းယူထားနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က