ပေါ်တူဂီလက်ရွေးစင် တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက ကာတာနဲ့ ကစားခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲမှာ ပွဲထွက်ပါဝင်ခဲ့သလို အသင်းအတွက် အဖွင့်ဂိုးလည်းသွင်းယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ပါဝင်ခဲ့တာကြောင့် ရော်နယ်ဒိုက နိုင်ငံတကာ ကစားသမားဘဝ (၁၈၁) ပွဲရှိသွားခဲ့ပြီး ဒါဟာ ဘောလုံးသမိုင်းတစ်လျှောက်မှာ နိုင်ငံတကာပွဲအများဆုံး ကစားထားတဲ့ ဥရောပကစားသမားအဖြစ် ရာမို့စ်ကို ကျော်ဖြတ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီက ကာတာကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဒီပွဲမှာ ပေါ်တူဂီအတွက် ရော်နယ်ဒို၊ ဖွန်တေနဲ့ အန်ဒရီဆေးလ်ဗားတို့က ဂိုးသွင်းယူပေးနိုင်ခဲ့တာပါ။

ရော်နယ်ဒိုအတွက်လည်း ဒီပွဲသွင်းဂိုးက နိုင်ငံတကာသွင်းဂိုး (၁၁၂) ဂိုးမြောက်ဖြစ်ခဲ့ပြီး မတူညီတဲ့နိုင်ငံအသင်း (၄၆) သင်းကို ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ စီနီယာကစားသမားဘဝ သွင်းဂိုး (၇၉၁) ဂိုးမြောက်လည်းဖြစ်ခဲ့တာပါ။
ဒီလိုမျိုး အံ့အားသင့်ဖွယ် စံချိန်တွေကို ရယူပြီးနောက်မှာတော့ ရော်နယ်ဒိုက “စံချိန် မှတ်တမ်းတွေကတော့ အမြဲတမ်းဂုဏ်ယူမြင့်မားနေတာပါပဲ။ ဒါပေမယ့် နိုင်ငံအသင်းအတွက် ကိုယ်စားပြုကစားခွင့်ရတာက ထူးခြားကောင်းမွန်တဲ့ အခိုက်အတန့်ပါပဲ။ နိုင်ငံအသင်းဂျာစီနဲ့ (၁၈၁) ပွဲကစားခဲ့ပြီးတာက ဂုဏ်ယူဖွယ်အကြောင်းပြချက် (၁၈၁) ခုအထိ ရှိထားတဲ့သဘောပါ”
“မတူညီတဲ့ နိုင်ငံ (၄၆) နိုင်ငံကိုဂိုးသွင်းနိုင်တာကလည်း ကျွန်တော့်အတွက် မေ့ဖျောက်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ ဒီလောက်နဲ့ ရပ်တန့်နေမှာ မဟုတ်ပါဘူး။ ပေါ်တူဂီအတွက် အခုထက်ပိုမို တိုက်ပွဲဝင်သွားဦးမှာပါ” လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ပွဲချိန်ပြည့်ကစားခွင့်မရဘဲ လူစားဝင်ကစားသမားအဖြစ်သာ ကစားခဲ့ရတာပါ။ ဒါပေမယ့် ကာတာနဲ့ပွဲမှာတော့ ရော်နယ်ဒိုက ပွဲထွက်ကစားခဲ့ပြီး ဂိုးပါသွင်းယူနိုင်ခဲ့ပါတယ်။ ပေါ်တူဂီဟာ လာမယ့်အောက်တိုဘာ (၁၃) မှာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် လူဇင်ဘတ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာလည်းဖြစ်ပါတယ်။