ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ကြံ့ခိုင်မှုပြည့်ဝနေရေးအတွက် Cyrotherapy ရေခဲကန်တစ်ခုကို အီတလီနိုင်ငံ၊ တူရင်မြို့ကနေ မန်ချက်စတာ၊ ချက်စရှိုင်းယားအထိ မရမကသယ်ယူခဲ့တယ်လို့ သိရှိရပါတယ်။

အသက် (၃၆) နှစ်အရွယ် ရော်နယ်ဒိုဟာ လက်ရှိ မန်ချက်စတာမြို့၊ ချက်စရှိုင်းယားဒေသမှာ အိမ်ငှားရမ်းနေထိုင်လျက်ရှိတာပါ။ ပေါင် (၅) သောင်းတန်ဖိုးရှိတဲ့ ဒီရေခဲကန်က အပူချိန် အနှုတ် (၂၀၀) ဒီဂရီဆဲလ်စီးယပ်စ်အထိ ထားနိုင်ပြီး ပွဲတစ်ပွဲကစားပြီးတိုင်း ခန္ဓာကိုယ်မှာရှိတဲ့ တစ်သျှူးတွေကို ပြန်လည်ကုသနိုင်ရေးနဲ့ ထူထောင်ရေးအတွက် အသုံးပြုနိုင်ပါတယ်။

တစ်ကိုယ်လုံးကုသမှုအတွက် ရော်နယ်ဒိုအနေနဲ့ ဒီကန်ထဲကို မဝင်ခင်မှာ သတ်မှတ်ထားတဲ့လက်အိတ်ကို ဝတ်ဆင်ဖို့ လိုအပ်မှာပါ။ ဆလင်ဒါပုံစံရှိတဲ့ ကန်ထဲရောက်ရှိချိန်မှာ ခန္ဓာကိုယ်က အပူချိန်တွေ လျော့ကျစေဖို့အတွက် နိုက်ထရိုဂျင်အရည်တွေ ထုတ်လွှတ်ပေးပါတယ်။
အသုံးပြုသူအနေနဲ့ ဒီအခန်းထဲမှာ အများဆုံး အချိန် (၅) မိနစ်နေနိုင်ပြီး အဲ့ဒီထက် ပိုမိုကြာမြင့်ခဲ့မယ်ဆိုရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီအရာနဲ့ မှန်ကန်တဲ့ကုသမှုတွေက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။
ဒါ့အပြင် ပင်ပန်းနွမ်းနယ်မှုကို လျှော့ချနိုင်ပြီး ဒဏ်ရာရရှိထားတဲ့ ကစားသမားတွေအတွက်လည်း ဒဏ်ရာကို လျင်မြန်စွာ သက်သာလာစေဖို့ အကူအညီပေးနိုင်ပါတယ်။ ဒီလိုမျိုး အကျိုးကျေးဇူးတွေရှိတာကြောင့်လည်း ရော်နယ်ဒိုက အခုလိုပဲ အင်္ဂလန်အထိ ဒီပစ္စည်းကို မရမကသယ်ယူခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးကဆိုပါတယ်။
“တကယ်တမ်းကျ ဒီအရာကို အီတလီကနေ ချက်စရှိုင်းယားအထိ ပို့ဆောင်ရတာ မလွယ်ပါဘူး။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ပျော်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒါနဲ့ကုသမှုခံယူတာက ပွဲပြီးဆုံးချိန်မှာ သူ့ကို အမြန်ဆုံး နာလန်ပြန်ထူစေနိုင်လို့ပါ။ အဲ့ဒါကို ဗြိတိန်အထိ သယ်လာဖို့က သူ့ရဲ့ဦးစားပေးနံပါတ် (၁) ပါပဲ”
“ပရီးမီးယားလိဂ်က ဘယ်လောက်အထိ တောင်းဆိုချက်များပြားတယ်ဆိုတာကို သူသိထားပြီး သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အမြဲတမ်း ပြည့်ဝချင်နေတာပါ” လို့ ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုနည်းတူ ယူနိုက်တက်အသင်းဖော် ရပ်ရှ်ဖို့ဒ်၊ ရီးရဲယ်မက်ဒရစ် တောင်ပံကစားသမား ဂါရတ်ဘေးလ်တို့ကလည်း ဒီရေခဲကန်နဲ့ ကုသမှုခံယူရတာကို နှစ်ခြိုက်ပြီး (၂၀၁၆) ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ လက်စတာကြယ်ပွင့်အချို့လည်း ဒီလိုမျိုး ကုသမှုခံယူခဲ့ဖူးတယ်လို့ သိရှိရပါတယ်။