အင်္ဂပူမြို့နယ်ရှိ မော်တော်ယာဉ်မဖြတ်သန်းရ သတ်မှတ်ထားတဲ့ သစ်သားတံတားပေါ်ကို အမျိုးသား (၁၀) ဦးနှင့် အတူ သစ်တွေ တင်ဆောင်လာတဲ့ ယဉ်တစ်စီး ဖြတ်သန်းခဲ့ရာ တံတားကျိုးကျပြီး ကားပေါ်မှ လူ(၆)ဦး သေဆုံးကာ၊ (၃) ဦး ဒဏ်ရာရ ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲ့တပ်ဖွဲ့ကနေ သိရပါတယ်။

Photo- ရဲဇာနည်
ဖေဖော်ဝါရီလ ၂၂ ရက်၊ မနက် ၁ နာရီခွဲ အချိန်က ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် မှာ တစ်တီတူးကွင်းကျေးရွာ နှင့် ဘန့်ဘွေးကုန်းကျေးရွာကို ဆက်သွယ်ထားတဲ့ စက်ဘီး ဆိုင်ကယ်တွေ သာ ဖြတ်သန်းခွင့်ပြုထားတဲ့ သစ်သားတံတားပေါ်ကို အဆိုပါ ယာဉ်ဖြတ်သန်းခဲ့ရာ တံတားကျိုးကျပြီး ယာဉ်မှာ ချောင်းအတွင်းကိုထိုးကျခဲ့တာဖြစ်ပါတယ်။
ချောင်းအတွင်း ထိုးကျမှုကြောင့် ယာဉ်ပေါ်ပါ မြန်အောင်မြို့နယ်၊ ပန်းတိုင်ကျေးရွာနေ အသက် (၁၈) နှစ်အရွယ် ထက်ဝေအောင် အပါအဝင် (၆) ဦး သေဆုံးခဲ့ပြီး ပန်းတိုင်ကျေးရွာနေ (၄၁)နှစ်အရွယ် ဦးကျော်လွင် အပါအဝင် (၃) ဦး ဒဏ်ရာများရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ယာဉ်မောင်း တင်မောင်ဆွေ ကို ထူးကြီးနယ်မြေရဲစခန်းယာဉ်(ပ) ၂/၂၀၁၉၊ ရာဇသတ် ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ နဲ့ အမှုဖွင့် အရေးယူခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယာဉ်ပေါ်ပါ သစ်ခွဲသားမျိုးစုံ ၃၃ တုံး (၅.၇ တန်) ကို သစ်ပိုင်ရှင် ဦးမြင့်လှိုင် က သယ်ဆောင်ခိုင်းကြောင်း သိရှိရတာကြောင့် တင်မောင်ဆွေ ပါ (၁၃) ဦးကို သစ်တောဥပဒေပုဒ်မ ၄၁(က) နဲ့ ထပ်မံ အမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။