အာကာသယာဉ်သူဌေးကြီး အီလွန်မတ်စ်ရဲ့ လက်မှတ်နဲ့ SpaceX logo ပါဝင်တဲ့ တန်ဖိုးကြီး iPhone သစ်တစ်မျိုးကို ရုရှားကုမ္ပဏီတစ်ခုက ရောင်းချသွားတော့မှာပါ။
တိုက်တွေနီယံ Back Panel မှာ အာကာသယာဉ်ထဲ အောင်မြင်စွာ လွှင့်တင်နိုင်ခဲ့တဲ့ သမိုင်းဝင် SpaceX ရဲ့ Dragon ယာဉ် ဒီဇိုင်းနဲ့အတူ မတ်စ်ရဲ့ လက်မှတ်ကို ဒီဇိုင်းထွင်းထားပါတယ်။ လက်မှတ်ရဲ့ အပေါ်ဘက်မှာ Musk Be On Mars ဆိုပြီးလည်း ထည့်ထားပါတယ်။ ဒီစာသားရဲ့ အပေါ်မှာ အင်္ဂါဂြိုလ်ဆီ အာကာသယာဉ်လွှင့်တင်နေတဲ့ ပုံကို ဖော်ပြထားပါတယ်။

Photo: The Sun
SpaceX ဒီဇိုင်းနဲ့ iPhone သစ်ကို ရုရှားရတနာအလှဆင်ကုမ္ပဏီ Caviar က ထုတ်လုပ်သွားမှာ ဖြစ်ပြီး စုစုပေါင်း ၁၉ လုံးပဲ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ Caviar ရဲ့ SpaceX iPhone 12 ဟာ သတင်းထွက်ထားတဲ့အတိုင်း iPad Pro သစ်ဘောင်လိုမျိုး လေးထောင့်စပ် ကိုယ်ထည်ကို သုံးထားပါတယ်။
iPhone 12 စီးရီးသစ်ဟာ ဒီနှစ်ထဲ အဝင်နောက်ကျဖို့ ရှိပြီး အောက်တိုဘာလထဲမှာ စတင်ကြေညာသွားဖို့ ရှိပါတယ်။ အခုထိတော့ iPhone သစ်အကြောင်း အချက်အလက်တွေဟာ ကောလာဟလအနေနဲ့ပဲ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ SpaceX လိုဂိုပါ iPhone 12 ကို ဒေါ်လာ ၅၀၀၀ (မြန်မာငွေ ၆၈ သိန်းခန့်) ဈေး သတ်မှတ်ထားပါတယ်။
Caviar ဟာ ရွှေသားအတိပါတဲ့ iPhone 12 Pro တစ်လုံးလည်း မိတ်ဆက်ထားပါတယ်။ Caviar iPhone 12 Pro သစ်ဟာ ဒေါ်လာ ၂၃၃၈၀ (မြန်မာငွေ ၃၁၇ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။