Apple App Store ပေါ်ကနေ WeChat ကို ဖယ်ရှားလိုက်ခြင်းဟာ iPhone ရောင်းအားကို ထိခိုက်စေနိုင်တယ်လို့ ဈေးကွက်လေ့လာသူ မင်ချိကုအိုက ဆိုပါတယ်။
အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုကြောင့် Apple နဲ့ Google တို့ဟာ App Stores တွေပေါ်ကနေ WeChat စာပို့အက်ပလီကေးရှင်းကို ဖယ်ရှားရတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကပဲ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ TikTok နဲ့ WeChat တို့ပေါ် ပိတ်ပင်မယ့် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။

Photo: katehon
ဒီအမိန့်ထွက်လာပြီးနောက် Apple သတင်းနဲ့ ဈေးကွက်သုံးသပ်သူ မင်ချိကုအိုက တရုတ်နိုင်ငံအတွင်း iPhone ရောင်းအားဟာ သိသိသာသာ ကျဆင်းသွားမယ်လို့ ဆိုပါတယ်။ MacRumors သတင်းအရ WeChat ကို Gloabl App Store ပေါ်က ဖယ်ရှားလိုက်မယ်ဆိုရင် တရုတ်နိုင်ငံအတွင်း Apple ရဲ့ တစ်နှစ်တာ iPhone ရောင်းအားဟာ ၂၅%- ၃၀% ၊ Apple Watch ၊ iPad ၊ AirPods နဲ့ Macs စတဲ့ Apple ထုတ်ကုန်တွေရဲ့ ရောင်းအားဟာ ၁၅%- ၂၅% အကြား ကျဆင်းသွားမယ်လို့ ဖော်ပြထားပါတယ်။
Tencent ပိုင် WeChat ဟာ တရုတ်နိုင်ငံမှ မိုဘိုင်းလ်ထုတ်ကုန်သုံးစွဲသူများအကြားမှာ အကြီးအကျယ်ရေပန်းစားနေတဲ့ လူမှုကွန်ရက် app တစ်ခု ဖြစ်ပါတယ်။ WeChat ဟာ စာပို့ဝန်ဆောင်မှုအပြင် ငွေပေးချေမှု ၊ e-Commerce ၊ လူမှုကွန်ရက်ပိုင်း ၊ သတင်းကဏ္ဍစတဲ့ ဝန်ဆောင်မှုတွေပါ ပေးနေတာ ဖြစ်ပါတယ်။
Photo: asiatimes
Business of Apps အချက်အလက်များအရ ၂၀၁၁ ခုနှစ်က စတင်မိတ်ဆက်ခဲ့တဲ့ WeChat ဟာ ၂၀၂၀ ပထမသုံးလပတ်အတွင်း လစဉ်သုံးစွဲသူဦးရေ ၁.၁၇ ဘီလျံ အထိ ရှိလာတယ်လို့ ဆိုပါတယ်။ အမေရိကန်အစိုးရဟာ လာမယ့် စက်တင်ဘာ ၂၀ ရက်နေ့ကစပြီး အမေရိကန်ကုမ္ပဏီတွေနဲ့ WeChat ၊ TikTok တို့အကြား လုပ်ငန်းလုပ်ဆောင်မှုတွေကို ပိတ်ပင်သွားတော့မှာပါ။
တကယ်လို့ အမေရိကန်ဈေးကွက်တစ်ခုတည်းမှာပဲ WeChat ကို ပိတ်ပင်မယ်ဆိုရင် iPhone တင်ပို့မှုဟာ ၃% ကနေ ၆% အကြားပဲ ကျဆင်းသွားဖို့ ရှိပါတယ်။ iPhone မဟုတ်တဲ့ တစ်ခြား Apple ထုတ်ကုန်တွေရဲ့ ရောင်းအားကတော့ ၃% အောက်ပဲ ကျဆင်းသွားနိုင်မယ်လို့ မင်ချိကုအိုက ခန့်မှန်းထားပါတယ်။