Huawei Technologies နဲ့ ZTE Corp တို့ကို နိုင်ငံရဲ့ 5G ကွန်ရက်ကနေ ဖယ်ရှားသွားဖို့ အိန္ဒိယအစိုးရမှ စီစဉ်ထားပါတယ်။
အမျိုးသားလုံခြုံရေးစိုးရိမ်ချက်ကြောင့် အိန္ဒိယအစိုးရဟာ လေလံဆွဲမယ့် တစ်ချို့တယ်လီကွန်းကုမ္ပဏီတွေကို ကန့်သတ်ထားဖို့ ဇူလိုင် ၂၃ ရက်နေ့က ရင်းနှီးမြှပ်နှံမှုဥပဒေပြင်ဆင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Lock Down ကြောင့် ကြန့်ကြာသွားတဲ့ Bharti Airtel ၊ Reliance Jio Infocomm နဲ့ Vodafone Idea စတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ 5G စမ်းသပ်မှု ခွင့်ပြုရေး ဆွေးနွေးမှုကို ဆက်သွယ်ရေးဝန်ကြီးဌာနဟာ စတင်တော့မှာပါ။

Photo: Bloomberg
အိန္ဒိယအစိုးရဟာ နှစ်ဆန်းပိုင်းက 5G ကွန်ရက်စမ်းသပ်မှုမှာ Huawei ကို ပါဝင်ခွင့်ပြုခဲ့ပေမယ့် မေလဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ နယ်စပ်အရေး တင်းမာမှုကြောင့် ဆုံးဖြတ်ချက်ကို ပြန်ပြင်လိုက်တာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ 5G ကွန်ရက်ကဏ္ဍမှာ Huawei နဲ့ ZTE တို့ကို ဖယ်ထုတ်ဖို့ ဆုံးဖြတ်ချက်ကို လာမယ့် ရက်သတ္တပတ် တစ်ပတ် နှစ်ပတ်အတွင်း ဝန်ကြီးချုပ်ရုံးဆီက ခွင့်ပြုချက်ကျပြီးနောက် ကြေညာသွားဖို့ ရှိတယ်လို့ အာဏာပိုင်တွေရဲ့ ပြောကြားချက်ကို South China Morning Post သတင်းမှာ ဖော်ပြထားပါတယ်။
Photo: Nikkei Asia Review
5G လေလံခေါ်ဆိုမှုကိုတော့ နောက်နှစ်ထဲမှာ လုပ်သွားဖို့လည်း ရှိပါတယ်။ အမေရိကန် ၊ ယူကေနဲ့ ဩစတြေးလျအစိုးရတို့ဟာလည်း Huawei နဲ့ ZTE တို့ကို 5G ကွန်ရက်အခြေခံအဆောက်အဦပိုင်းကနေ ကန့်သတ်ပိတ်ပင်ထားပါတယ်။ အမေရိကန် ဖက်ဒရယ်ဆက်သွယ်ရေး ကော်မရှင်ကတော့ ဒီကုမ္ပဏီနှစ်ခုစလုံးကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတွေအဖြစ် တရားဝင် ကြေညာထားပါတယ်။
Huawei ကတော့ ဒီစွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆန်ထားပါတယ်။ အိန္ဒိယအစိုးရရဲ့ နိုင်ငံအတွင်း 5G ကဏ္ဍမှာ ပါဝင်ခွင့် ပိတ်ပင်မယ့်သတင်းပေါ်မှာတော့ Huawei နဲ့ ZTE တို့ဘက်မှ မှတ်ချက်ပေး ပြောဆိုခြင်း မရှိသေးပါဘူး။