အင်္ဂလန်လက်ရွေးစင်နည်းပြဆောက်ဂိတ်ဟာ လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာသာ အင်္ဂလန်အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်မယ်ဆိုရင် အပိုဆုကြေး ပေါင် (၄) သန်းအထိ ရရှိသွားမယ်လို့ သိရှိရပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေးခဲ့တဲ့မက်လုံးထက် ပိုမိုများပြားတဲ့ ဆုကြေးပမာဏဖြစ်ခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလားမှာ အင်္ဂလန်ဗိုလ်စွဲမယ်ဆိုရင် ဆောက်ဂိတ်အတွက် အပိုဆုကြေး ပေါင် (၁.၅) သန်း ပေးမယ်လို့ မက်လုံးပေးခဲ့သေးတာပါ။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက အင်္ဂလန်လက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်မှာ ခရိုအေးရှားကို ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီနှစ်ကမ္ဘာ့ဖလားမှာ ဆုကြေးအသစ်နဲ့ ထပ်မံမက်လုံးပေးခဲ့တာပါ။

လက်ရှိ (၂၀၂၂) ကမ္ဘာ့ဖလားအတွက် ဆောက်ဂိတ်ရရှိထားတဲ့ မက်လုံးက ပြီးခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလားမှာရရှိထားတဲ့ မက်လုံးထက် (၃) ဆ နီးပါး ပိုမိုများပြားလျက်ရှိပါတယ်။ ဒါ့အပြင် အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့အတွက်ကြောင့်လည်း အပိုဆုကြေး ပေါင် (၅) သိန်းအထိ လက်ခံရရှိထားပြီးဖြစ်ပါတယ်။
ဆောက်ဂိတ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ (၂၀၂၄) အထိ စာချုပ်သက်တမ်းကျန်ရှိနေပြီး လက်ရှိမှာလည်း တနှစ်လုပ်ခ ပေါင် (၆) သန်းဝန်းကျင်ရရှိနေပါတယ်။ ဆောက်ဂိတ်လက်ထက် အင်္ဂလန်ဟာ (၂၀၁၈) ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်၊ ယူရို-၂၀၂၀ မှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ချန်ပီယံဖြစ်ဖို့အတွက်တော့ လွဲချော်နေဆဲဖြစ်ပါတယ်။
ဒီနှစ်ကမ္ဘာ့ဖလားမှာ အင်္ဂလန်က အီရန်၊ အမေရိကန်၊ ဝေးလ်စ်တို့နဲ့ တအုပ်စုတည်းကျရောက်နေပြီး နောက်တဆင့်ကို တက်ရောက်ဖို့ သေချာနေတယ်လို့ သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ယူရိုနေးရှင်းလိဂ်ပွဲစဥ်တွေမှာ အင်္ဂလန်က ရလဒ်ဆိုးရွားခဲ့ပြီး တန်းဆင်းခဲ့ရတာကြောင့် လာမယ့်ကာတာကမ္ဘာ့ဖလားအတွက် ဆောက်ဂိတ်နဲ့အင်္ဂလန်ကို ပရိသတ်အချို့က သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်နေကြပါတယ်။