မင်္ဂလာဒုံမြို့နယ်မှာ အသက်ငါးနှစ်အရွယ်မိန်းကလေး အဓမ္မပြုကျင့်ခံရပြီး ရေမြောင်းထဲစွန့်ပစ်ခံရတဲ့ အမှုမှာ တစ်ပတ်ကြာတဲ့အထိ တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ မင်္ဂလာဒုံမြို့မရဲစခန်းကနေ သိရပါတယ်။

(အဓမ္မပြုကျင့်ခံရသည့် မိန်းကလေး ဈာပနကို ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်ခဲ့စဉ်)
“ဘယ်သူဘယ်ဝါဆိုတာ သေချာမသိရသေးတော့ အဲဒီဖြစ်စဉ်ဖြစ်တဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ လူအားလုံးကို သက်သေစစ်ဆေးနေပါတယ်။ မသင်္ကာတဲ့ လူတွေကိုလည်း စစ်ဆေးနေပါတယ်။ ရဲတွေကတော့ အဲဒီအနီးတစ်ဝိုက်မှာ စောင့်ကြပ်နေပါတယ်” လို့ မင်္ဂလာဒုံမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက Duwun ကိုပြောပါတယ်။
မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စုအတွင်း ခြံစည်းရိုးမရှိတဲ့ ပျံကျအိမ်မှာနေထိုင်တဲ့ အသက်ငါးနှစ်အရွယ် မိန်းကလေးဟာ နေအိမ်ကနေ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ရာမှ နောက်တစ်နေ့မှတော့ အမှတ် (၃) လမ်းမကြီးဘေးမှာ ဒဏ်ရာတွေနဲ့ အဓမ္မပြုကျင့်ခံပြီး သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၉ ရက်နေ့ ည ၈ နာရီလောက်မှာ မိခင်ဖြစ်သူက သေဆုံးခဲ့သူ မိန်းကလေးကို (၂)နှစ်အရွယ် အခြား ကလေးတစ်ဦးနဲ့အတူ အိမ်မှာသိပ်ထားခဲ့ပြီး အိမ်နားမှာရှိတဲ့ ကလေးရဲ့အဖေ ခင်ပွန်းဖြစ်သူရဲ့စက်ဘီးပြင်ဆိုင်ကို ခေတ္တသွားစဉ်မှာ ပျောက်ဆုံးသွားခဲ့ပါတယ်။
မိဘနှစ်ပါးစလုံး ည ၉ နာရီလောက် နေအိမ်ကို ပြန်ရောက်လာတဲ့အခါမှာ ပျောက်ဆုံးသွားခဲ့တဲ့ မိန်းကလေးဟာ အခြားကလေးနဲ့အတူ ခြင်ထောင်ထဲမှာ အိပ်နေတယ်ထင်ပြီး မကြည့်ခဲ့မိဘူးလို့ ဆိုပါတယ်။ အဲ့ဒီနောက် ဖခင်ဖြစ်သူက မအိပ်သေးဘဲ သတင်းစာဖတ်နေရာက ည ၁၂ နာရီလောက်မှာ သမီးကိုကြည့်ရာ မတွေ့တော့ပဲ ပျောက်ဆုံးနေတာကြောင့် ပတ်ဝန်းကျင်ကိုအကူအညီတောင်းပြီး လိုက်ရှာခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေငါးနာရီလောက်မှာတော့ ကျောင်းမှပြန်လာတဲ့ ကျောင်းသားလေးတွေက မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမကြီးဘေး ရေမြောင်းထဲမှာ သေဆုံးနေတဲ့မိန်းကလေးကို တွေ့ခဲ့ကြတာဖြစ်ပါတယ်။