မကြာမီ အချိန်အတွင်းမှာ ကျင်းပပြုလုပ်တော့မယ့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးအတွက် ကျော်ကျော်ဗိုကတော့ စိတ်လှုပ်ရှားလို့ နေပါပြီ။ ဒီနှစ်ကတော့ သူ့ရဲ့ အနုပညာဖန်တီးမှုနဲ့ ပရိသတ်တွေရဲ့ အားပေးမှု ထပ်တူကျခဲ့တဲ့ နှစ်လို့လည်း ပြောပြခဲ့ပါသေးတယ်။

Photo: Kyaw Kyaw Bo
၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးကို တက်ရောက်လာမယ့် ကျော်ကျော်ဗိုကလည်း စိတ်လှုပ်ရှားမှုတွေ ရှိတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိစေချင်နေကြတာဖြစ်ပါတယ်။
‘’ ရင်ခုန်မှုထက် စိတ်လှုပ်ရှားမှုကတော့ ပုံမှန်နှစ်တွေထက်စာရင်တော့ ပိုပိုသာသာရှိတာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်အားရကျေနပ်တဲ့ ဇာတ်ကားတစ်ကားလည်း ဆန်ခါတင်ထဲမှာ ပါနေတယ်ဆိုတော့လေ။ ဒီနှစ်က ကျွန်တော့်ရဲ့ ဖန်တီးမှုအနုပညာအရ ကျေနပ်တယ်။ ပရိသတ်ကလည်း ကျွန်တော့်ရဲ့ အနုပညာအပေါ် ကျေနပ်တယ်။ ပရိသတ်နဲ့ ကျွန်တော်နဲ့ တိုက်ရိုက် အချိုးကျနေတဲ့ နှစ်တစ်နှစ်လို့ ခံစားရပါတယ်။ ပရိသတ်ကလည်း ကျွန်တော့်အတွက် ဆုလေးတစ်ဆုကို မျှော်လင့်ပေးကြတယ်။ ဆုတောင်းပေးကြတော့ ပျော်မိတဲ့ နှစ်တစ်နှစ်ပါပဲ’’ လို့ သူကဆိုပါတယ်။
Photo: Kyaw Kyaw Bo
ကျော်ကျော်ဗိုဟာ အကယ်ဒမီဆုအတွက်တော့ ထူးခြားတဲ့ ရင်ခုန်မှု မရှိသေးပါဘူးတဲ့။ သူကိုယ်တိုင်ကလည်း ပရိသတ်တွေ ရစေချင်နေကြတဲ့ ဆု အတွက် မျှော်လင့်ချက် မထားဘူးလို့ မတ်လ ၂၃ ရက်နေ့က အကယ်ဒမီ ပေးပွဲ မတက်ခင်အချိန်မှာ ပြောပြခဲ့တာပါ။
‘’ ဒါကတော့ လောကကြီးမှာ အရာရာတိုင်းကို မျှော်လင့်ထားလို့ မရဘူးလေ။ ရုပ်နဲ့ နာမ်နဲ့တောင် အမြဲတမ်းတည်ရှိသွားမယ်လို့ မှတ်ယူထားလို့မှ မရတာ။ မနက်ဖြန်တိုင်းကိုလည်း ကိုယ့်ရဲ့ ပိုင်ဆိုင်လိုစိတ်ကြီးနဲ့ ရှင်သန်လို့ မရဘူး။ အဲဒီအခြေခံ သဘောပဲ ကျွန်တော့် စိတ်ထဲမှာ ရှိနေတာ ။ အဲဒီအတွက် ထွေထွေထူးထူးကြီးတော့ တုန်လှုပ်မှုမရှိပါဘူး’’ ဆိုပြီးတော့ ဆက်လက်ပြောပြလာပါတယ်။
Photo: 7 Sense
၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲကို မတ်လ ၂၃ ရက်နေ့ ညနေ The One Entertainment မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပွဲကိုတော့ သရုပ်ဆောင် ကျော်ကျော်ဗို က ဇနီးချောလေး မယဉ်ယဉ်မင်းနဲ့ အတူ တက်ရောက်မှာ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ ဝတ်စုံကိုတော့ ဒီဇိုင်နာ မင်းသက်စံက ချုပ်ပေးထားတာဖြစ်ပြီး မိတ်ကပ်ပြင်ဆင်မှုကိုတော့ ဒီဇင်ဘာနှင်းက ဆောင်ရွက်ပေးထားတာလိုု့ သိရပါတယ်။
Photo: Kyaw Kyaw Bo
ကျော်ကျော်ဗိုဟာ နိုင်ငံကျော် ရွှေမန်းဦးတင်မောင်၊ ဝါရင့်သရုပ်ဆောင်ကြီး ဦးညွှန့်ဝင်းတို့ရဲ့ အနုပညာမျိုးဆက်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ကျော်ကျော်ဗိုရဲ့ အနုပညာသက်တမ်းကလည်း အနှစ် ၂၀ ကျော်နေပြီဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဇာတ်သဘင်ဘက်မှာလည်း အနုပညာလှုပ်ရှားမှုတွေ ရှိခဲ့ပါသေးတယ်။