အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကိုတော့ အေးမြတ်သူက ရရှိပိုင်ဆိုင်သွားပါတယ်။ သူမအတွက်တော့ ဒီဆုဟာ ပထမဆုံးအကြိမ် ရရှိပိုင်ဆိုင်သွားတဲ့ ဆုဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို တော့ နောင်တွင်ဥဒါန်းတည်စေသတည်း ရုပ်ရှင် ဇာတ်ကားနဲ့ အေးမြတ်သူ က ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူမဟာ ပရိသတ်တွေ မျှော်လင့်ထားတဲ့ ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ သူမကိုတော့ အကယ်ဒမီ ခင်စိုးပိုင်က ဆုချီးမြှင့်ပေေးခဲ့တာပါ။
'' အိမ်က ကြည့်နေတဲ့ အဖေနဲ့ အမေလည်း ပျော်နေမယ်လို့ထင်ပါတယ်။ အဖေနဲ့ အမေအတွက် သမီးကောင်းတစ်ယောက်ဖြစ်ပြီလို့လည်း ထင်ပါတယ်။ အေးမြတ်သူဟာ မော်ဒယ်လောက ကနေ သရုပ်ဆောင်ဘက်ကို ရောက်လာတာဖြစ်တဲ့အတွက် သင်ကြားပြသပေးတဲ့ ဆရာတွေ အများကြီးကို ကျေးဇူးတင်ပါတယ်'' ဆိုပြီးတော့လည်း ပြောပြလာပါတယ်။ အဲဒီနောက် ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်ခဲ့ကြတဲ့ စက်အဖွဲ့သားတွေပါမကျန်၊ စာနယ်ဇင်းမီဒီယာမှ တာဝတ်ရှိသူတွေကိုပါ မကျန် ကျေးဇူးတင်စကားပြောခဲ့ပါတယ်။
တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆုပေးပွဲအခမ်းအနားကို ၁၉၅၂ ခုနှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ထူးချွန်ဆုရရှိသူ တစ်ဦးချင်းကိုအကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ငွေသားဆု ချီးမြှင့်ပါတယ်။ ရွှေစင်ရုပ်တုရဲ့ထိပ်မှာပါတဲ့ ကြယ်ပွင့်ကို ယခင်နှစ်တွေမှာ ရွှေသားစစ်စစ် ၂ ကျပ်သားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ် (၂၀၁၉ ခုနှစ်)မှာတော့ ရွှေသား ၅ ကျပ်သားနဲ့ ပြုလုပ် ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်နေ့က The One Entertaianment Park မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီပွဲကိုတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေက အလေးထား စောင့်ကြည့်ရတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ဒီပွဲအပေါ် အနုပညာရှင်တွေသာမက ပရိသတ်တွေကပါ ရင်ခုန် စိတ်လှုပ်ရှားရင်း တစ်နှစ်တစ်ခါ စောင့်မျှော်ရတဲ့ ပွဲပါ။