အမေရိကန်မှာ COVID-19 နဲ့ ဆက်နွယ်နေပြီး ရှားပါးပေမဲ့ အန္တရာယ်ရှိနိုင်တဲ့ ထပ်တိုးရောဂါတစ်မျိုး ကလေးငယ်တွေမှာ ဖြစ်ပွားမှုများတွေ့ရပြီး သေဆုံးမှုအချို့ရှိလာတယ်လို့ ဆိုပါတယ်။

(Photo: Bryan Thomas/Getty Images/AFP)
NBC News က ဖော်ပြထားတဲ့ သတင်းအရ အဆိုပါ ရောဂါဖြစ်ပွားမှုကို အမေရိကန် ပြည်နယ်ခုနစ်ခုထက်မနည်းနဲ့ ဝါရှင်တန်ဒီစီနယ်မြေမှာ တွေ့ရှိထားကြောင်း သိရပါတယ်။ ကလေးငယ်တွေမှာ ယခုရောဂါဆန်း ဖြစ်ပွားမှုတွေရှိလာခြင်းက အလားတူ ရောဂါဖြစ်ပွားမှုများ မြင့်တက်လာမယ်လို့ ယူဆစရာမလိုကြောင်း ဆရာဝန်တွေက ပြောထားပါတယ်။
ယခု သီတင်းပတ်အတွင်းမှာပင် ထိုရောဂါကို pediatric multisystem inflammatory syndrome လို့ တရားဝင် အမည်သတ်မှတ်လိုက်ကြောင်းလည်း သိရပါတယ်။ NBC News ရဲ့ အဆိုအရ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ အဆိုပါ ရောဂါဖြစ်ပွားမှု ၈၅ ခု တွေ့ရှိထားပြီး အဓိကအားဖြင့် COVID-19 ကူးစက်မှုအများဆုံး ဖြစ်နေတဲ့ နယူးယောခ့်ပြည်နယ်အတွင်းမှာ ဖြစ်ပါတယ်။
(Photo: New York Post via AP)
နယူးယော့ခ်မှာ pediatric multisystem inflammatory syndrome ဖြစ်ပွားနေတဲ့ ကလေးငယ် ၆၄ ဦးထက်မနည်း တွေ့ရှိထားပါတယ်။ နယူးယော့ခ်မှာ ထိုရောဂါဖြစ်ပွားခဲ့တဲ့ အသက် ၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦး အပါအဝင် ကလေးငယ် ၃ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က မေ ၈ ရက်မှာ အတည်ပြုထားပါတယ်။
အခြား နေရာတွေမှာ ထိုရောဂါြဖစ်ပွားမှုများအဖြစ် ဘော်စတွန်ကလေးဆေးရုံမှာ လေးဦး၊ ဖီလာဒဲလ်ဖီးယား ကလေးဆေးရုံမှာ ခန့်မှန်းခြေ ငါးဦးနဲ့ ၁၀ ဦးကြား၊ လော့စ်အိန်ဂျလိစ် ကလေးဆေးရုံမှာ သုံးဦး၊ ဒီလာဝဲလ်ရှိ Nemours Children's Health System ကလေးဆေးရုံမှာ သုံးဦး၊ လူဝီစီးယားနားရှိ Ochsner Medical Center မှာ သုံးဦး၊ ဆီယက်တဲလ် ကလေးဆေးရုံမှာ ၁ ဦးနဲ့ ဝါရှင်တန်ဒီစီရှိ Children's National ဆေးရုံမှာ ၂ ဦးဖြစ်ကြောင်း ဖြစ်ကြောင်း NBC News က ဖော်ပြထားပါတယ်။
(Photo: Reuters)
Children's National ဆေးရုံမှာတော့ COVID-19 နဲ့ ဆက်နွယ်ပြီး ကိုယ်တွင်းအင်္ဂါ လွန်ကဲရောင်ရမ်းတဲ့ နောက်ထပ် ကလေးလူနာ ၁၅ ဦးကို အထူးကြပ်မတ်ခန်းမှာ ကုသပေးနေကြောင်းလည်း သိရပါတယ်။ ကလေးငယ်တွေမှာ COVID-19 ကူးစက်ခံရပြီးနောက် pediatric multisystem inflammatory syndrome ဖြစ်ပွားမှုတွေကို ဗြိတိန်၊ အီတလီနဲ့ စပိန် နိုင်ငံတွေမှာ ပထမဆုံး တွေ့ရှိထားခဲ့တယ်လို့ ဆိုပါတယ်။
(Photo: AFP)
ယခု အသစ်တွေ့ရှိ သတ်မှတ်ထားတဲ့ pediatric multisystem inflammatory syndrome ရောဂါဟာ ကလေးငယ်တွေမှာ COVID-19 ကူးစက်ခံရပြီးနောက် ၎င်းတို့ရဲ့ ကိုယ်ခံအားစနစ်က အလွန်အမင်း တုံ့ပြန်လုပ်ဆောင်ရမှုကြောင့် ဖြစ်ပေါ်လာပုံရတယ်လို့ ဆိုပါတယ်။
သို့သော် pediatric multisystem inflammatory syndrome ဖြစ်ပွားရတဲ့ အကြောင်းရင်းဟာ COVID-19 ကြောင့်သာ ဖြစ်တယ်လို့ ကောက်ချက်ချရန် စောလွန်းနေသေးကြောင်းနဲ့ ထိုရောဂါဖြစ်ပွားနေတဲ့ အချို့ကလေးငယ်တွေမှာ COVID-19 ကူးစက်ခံထားရခြင်း မရှိကြောင်းလည်း NBC News သတင်းမှာ ဖော်ပြထားပါတယ်။